မူလစာမျက်နှာ

Friday, 27 April 2012

တရားခံကို စစ်ဆေးစဉ် လက်လွန်သေဆုံးသွား၍ ရဲတပ်သား ၄ ဦးဖမ်းဆီးခံရ

Source:narinjara
ရခိုင်ပြည်နယ် မောင်တောတွင် တရားခံ တစ်ဦးကို စစ်ဆေးစဉ် လက်လွန် သေဆုံးသွား၍ ရဲသား (၄) ဦး ဖမ်းဆီး ချုပ်နှောင် ခံထားရကြောင်း သတင်း ရရှိသည်။


ဖမ်းဆီး ချုပ်နှောင်ခံထားရသူ ရဲသား ၄ ဦးမှာ ရဲတပ်ကြပ်ကြီး မောင်မောင်သန်း၊ ဒုတပ်ကြပ် ထွန်းဝင်း၊ တပ်သား မြင့်အေး၊ တပ်သား ကိုမိုးတို့ ဖြစ်ကြပြီး သူတို့ ၄ ဦး စလုံးမှာ ရခိုင်အမျိုးသားများ ဖြစ်ကြသည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

သို့သော် ဖမ်းဆီး မေးမြန်းရာတွင် အဓိက ဦးစီး ဦးဆောင်သူမှာ ဒုရဲအုပ် ၀င်းဌေးဦး ဖြစ်သော်လည်း ဗမာအမျိုးသားဖြစ်နေသဖြင့် တစ်စုံတစ်ရာ အရေးယူခြင်း မရှိကြောင်း အဆိုပါ ရဲတပ်သားက ပြောကြားသည်။

" မောင်တော ခရိုင်ရဲမှူးကြီး မျိုးဝင်းက လူမျိုးရေး လိုက်စားမူ ရှိတယ်။ ဒါကြောင့် ဦးဆောင်သူ ဗမာ လူမျိုး ဖြစ်တဲ့ ဒုရဲအုပ် ၀င်းဌေးဦးကို မဖမ်းဘဲ သူ (၀င်းဌေးဦး) ရဲ့ညွှန်ကြားချက်နဲ့ စစ်ဆေး မေးမြန်းတဲ့ ရခိုင် ရဲတပ်သား ၄ ဦးကို ကျတော့ ဖမ်းဆီးထားပါတယ်" ဟု ပြောသည်။

သူတို့မှာ မောင်တောမြို့နယ် တောင်ပိုင်း မောရ၀တီ နတလ ကျေးရွာတွင် လုံခြုံရေး တာဝန်ကျနေသော တပ်ဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။

" သူတို့က အလယ်သံကျော် ၀ါးချရွာက ဘင်္ဂလီ မွတ်ဆလင် တစ်ဦးကို ပြည်ပ လက်နက်ကိုင် အဖွဲ့တစ်ခုနဲ့ ဆက်စပ်မူ ရှိတယ် ဆိုပြီး ဧပြီလ ၂၀ ရက်နေ့က ဖမ်းဆီး စစ်ဆေးတယ်။ စစ်ဆေးစဉ် လက်လွန်ပြီး သေဆုံးသွားတယ်။ သေဆုံးသွားတဲ့ အတွက် အခု သူတို့ကို ဖမ်းဆီး ခံကြရတာ ဖြစ်ပါတယ်။ တာဝန်ရှိတဲ့သူကိုကျတော့ မဖမ်းတဲ့ အတွက် ကျန်ရဲသားတွေက မကျေနပ်ကြဘူး" ဟု အဆိုပါ ရဲသားက ပြောသည်။

မောင်တောခရိုင်ရဲမှူးကြီး မျိုးဝင်းသည် လူမျိုးရေး ခွဲခြားဆက်ဆံမူ ရှိနေသဖြင့် အောက်ခြေပိုင်းတွင်လည်း မကျေနပ်မူများ ရှိနေကြောင်း သူက ပြောသည်။

စစ်ဆေးစဉ် သေဆုံးသွားသူမှာ မောင်တော မြို့နယ် အလယ်သံကျော် ၀ါးချကျေးရွာမှ အဓူနိ (၄၇) နှစ်ဖြစ်ပြီး ယခုလ ၂၀ ရက်နေ့က အခင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မိသားစုက လျော်ကြေးငွေကို လက်မခံဘဲ အမူဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

No comments:

နေ့မှာ