မူလစာမျက်နှာ

Wednesday, 16 March 2011

ဖေဖေ့ကို သမီး ဘာကြောင့် သတ်ခဲ့ရသလဲ

ကလေးဘ၀ကတည်းက စတက်စီ လန်းနတ် က သူမ အဖေကို ချစ်ပါသည်။ အဖေနဲ့အတူ ဆော့နည်း ပေါင်းစုံနဲ့ ကစားသည်။ သူမ အဖေက ကျားပေါက်မလေးလို့ ခေါ်တတ်သည်။ ကျောင်းမှာ ကောင်လေးတွေ စနောက်ရင်
ပြန်ချခဲ့ဖို့ အမြဲ တွန်းပေးတတ်သည်။
စတက်စီ ၁၀ နှစ်သမီးရောက်တော့ သူမ အဖေက ဗလက္ကာရ လုပ်လာသည်။ နောက်တော့ ပုံမှန် အဓမ္မပြုကျင့်တော့သည်။ တစ်ယောက်ယောက်ကို ပြောတာနဲ့ မြေအောက်ခန်းထဲမှာ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားသည်။ တကယ်လုပ်မယ့်ပုံမို့ စတက်စီ ကြောက်ကြောက်နဲ့ ငိုကြွေးခဲ့ရတဲ့ ညတွေ မရေတွက်နိုင်။ အခု သူမ ကိုယ်တိုင်ရေးတဲ့ Redemption ဆိုတဲ့ မှတ်တမ်းစာအုပ်ထဲမှာ “ကျမအတွက် မျှော်လင့်ချက်နဲ့ လွတ်မြောက်ရာလမ်း ရှိတယ်လို့ကို မထင်ဘူး” ဟု ဖော်ပြထားသည်။
စတက်စီ ၁၂ နှစ် မှာ မိဘတွေ အိမ်ထောင်ကွာရှင်းကြသည်။ တရားရုံးမှာ ကွာရှင်းတော့ ရှေ့နေက “သမီးကို သမီးဖေဖေက နာကျင်အောင် လုပ်လား” ဟု မေးသည်။ ဟုတ်ကဲ့ဟု ခေါင်းငြိမ့် ဖြေသည်။ မေးခွန်းက မုဒိမ်းပြုကျင့် သလားလို့ ကလေးကို တိုက်ရိုက်မမေး။ “ကျမကို အဖေက rape လုပ်သလား လို့ မေးရင် လုပ်တယ်လို့ ဖြေမှာပေါ့၊ အဲလို မမေးတော့ ကျမလည်း ငယ်ငယ်က ဘယ်ပြောတတ်မလဲ” ဟု သူမ စာအုပ်တွင် ငယ်စဉ် ဒုက္ခအ၀၀ကို ရင်ဖွင့်ထားသည်။ ဒီလိုနဲ့ ဖခင်နဲ့အတူ နေရပြီး အဓမ္မပြုကျင့်မှုတွေ ဆက်ဖြစ်ခဲ့ရသည်။
စတက်စီ ၁၈ နှစ် ရောက်တော့ အဖေက သူမ ညီမလေး ခရစ္စတီကို ဆက်ပြီး အဓမ္မပြုကျင့်ပြန်သည်။ စတက်စီ ၀င်တား ပေမဲ့ မရ။ ဒီလိုနဲ့ သူမအဖေရဲ့ သေနတ်ယူပြီး နှစ်ချက် ဆက်တိုက် ပစ်ချလိုက်သည်။ အဖေ အရက် သောက်နေကျ ဆိုဖာပေါ်မှာတင် ပွဲချင်းပြီးသွားခဲ့သည်။
ရဲက စတက်စီကို အဖေက သူမကို အဓမ္မပြုကျင့်သလားဟု မေးသည်။ ပြုတယ်ဟု ဖြေပေမဲ့၊ နောက်ထပ် ကလေး အဓမ္မ ပြုကျင့်ခံရမှု ကိစ္စကို အသေးစိတ် ထပ်မမေး။ ဒီလိုနဲ့  သူမ ဖခင်ကို သတ်မှုနဲ့ သေဒဏ် ကျခဲ့ရသည်။
ထောင်ထဲမှာ သူမနဲ့ ဖြစ်ရပ်တူသူတွေ တွေ့ရသည်။ “အဓမ္မ ပြုကျင့်ခံရသူတိုင်းက ကိုယ့်ကို မတော်မတရား လုပ်သူကို သတ်ပစ်ခဲ့ကြတာ ကျမတွေ့ရတယ်။ ဒီလို လုပ်ဖို့ဆိုတာလဲ လွယ်လွယ် ဖြစ်တာမဟုတ်ဘူး။ အင်မတန်ကို နားကျဉ်းလွန်းလို့ အရဲစွန့် လုပ်ခဲ့ကြရတာ။ ဒါပေမဲ့ အဲလို လုပ်ခဲ့ သူတိုင်းအတွက် ဥပဒေကြောင်းအရ အကာအကွယ် မရှိဘဲ ထောင်ထဲ ရောက်ကျရတာချည်းပဲ” ဟု ရေးထားသည်။
ထောင်သက် နှစ် ၂၀ ပြည့်ချိန်မှာ သူမ လွတ်ငြိမ်းချမ်းသာခွင့် တောင်းကြည့်တော့ ပယ်ချခံရသည်။ အစိုးရ ရှေ့နေက စတက်စီက လိမ်ညာသူဖြစ်ပြီး ငွေအတွက် အဖေကို သတ်တာလို့ ပြောပြီး သူမကို ဆက်ထိန်းထားသည်။ ဒါပေမဲ့ သူမ ရှေ့နေနဲ့ ပြင်ပရှိ မိတ်ဆွေအချို့က စတက်စီ လွတ်မြေက်ရေးအတွက် ကမ်ပိန်းတွေ လုပ်ကြသည်။ သူမကလည်း မိတ်ဆွေတွေကို ဖြစ်ပျက်ခဲ့သမျှ အားလုံး ပွင့်ပွင့်လင်းလင်း ပြောပြောထားသည်။
“ကျမဘ၀ရဲ့ အဆိုးဆုံးကာလတွေကို လူသိရှင်ကြား ပြောပြ လုပ်ကြရတာ ကျမ တကယ် ရှက်ပါတယ်။ ဒါပေမဲ့ ဒီလိုမှ မပြောရင် ဘယ်သူ သိမှာလဲ၊ မျက်မြင်သက်သေ ဘယ်သူ ရှိလို့လဲ” ဟု ဆိုသည်။ ကံကောင်းတယ်ဆိုရမလား သူမကို အားပေးတဲ့ စာတွေ တဖွဲဖွဲ ရောက်လာသည်။
၂၀၀၉ တွင် အမေရိကန်ပြည်ထောင်စု မစ်ဇိုရီ ပြည်နယ် အုပ်ချုပ်ရေးမှုက သူမ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ အခု စတက်စီက ကမ္ဘာတလွှားက အဓမ္မပြုကျင့်ခံရသူများကို အကူအညီပေးဖို့ Healing Sisters အမည်ရှိ ၀ဘ်ဆိုဒ်တစ်ခုကို ဦးဆောင်လုပ်နေသည်။
“ဆိုးဆိုးရွားရွား မတော်မတရား အဓမ္မပြုကျင့်ခံရတဲ့ သူတိုင်းက သူတို့ အသံတွေ ဖုံးထားတတ်ကြပါတယ်။ ဒါပေမဲ့ ကျမတို့ များများ ပြောလေလေ အမှောင်ထဲကနေ ကျမတို့ရဲ့ ရှက်ကြောက်ဖွယ် ဖြစ်ရပ်တွေ လူသိလာလေလေပါပဲ။ အဲဒါကနေပဲ ကျမတို့နဲ့ ဘ၀တူတွေကို ကယ်တင်နိုင်ပါလိမ့်မယ်” ဟု သူမ စာအုပ်မှာ ရေးထားခဲ့သည်။
Source:maukkha

No comments:

နေ့မှာ