မူလစာမျက်နှာ

Wednesday, 6 July 2011

မြန်မာကလေး ၃ သန်းကျော်၊ ကမ္ဘာ့ကလေးငယ်ဦးရေ ၆၇ သန်း ပညာရေး အခွင့်အရေး ကင်းမဲ့နေဆဲ

ကုလသမဂ္ဂ အစီရင်ခံ ထုတ်ပြန်ချက်အရ ကမ္ဘာ့ကလေးငယ်ဦးရေ ၆၇ သန်းခန့်မှာ ကျောင်းပညာသင်ကြားခွင့် ဆုံးရှုံးနေလျက်ရှိကြောင်း သိရပါသည်။
စီးပွားရေး၊ လူမှုရေးနှင့် အခြားသော စိန်ခေါ်ချက်များဖြစ်သည့်ကျန်းမာရေး ပြဿနာများနှင့် လက်နက်ကိုင် ပဋိပက္ခတို့ကြောင့် ဖြစ်ကြောင်းဆို၏။

နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသမှ စာသင်ခန်းတစ်ခု
နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသမှ စာသင်ခန်းတစ်ခု
အီကိုဆော့ ECOSOC ခေါ် ကုလသမဂ္ဂ လူမှုရေးနှင့် စီးပွားရေးရာ မူဝါဒများကို ညှိနှိုင်းသည့် ကောင်စီ၏ ထုတ်ပြန် ကြေညာချက်များကို ကိုးကားပြီး တရုတ်ဆင်ဟွာ သတင်းဌာနက ဖေါ်ပြထားသည်။
သက်ကြီး ၇၉၆ သန်းမှာ အခြေခံ စာရေးစာဖတ် မတတ်မြောက်သေးကြောင်းနှင့် ဤသည်မှာ ကမ္ဘာ့လူဦးရေ၏ ၁၇ ရာခိုင်နှုန်း ရှိနေကြောင်း အစီရင်ခံစာက ဆို၏။
“နိုင်ငံ၊ ဒေသတွင်းနှင့် တကမ္ဘာလုံး အတိုင်းအတာအရ “အားလုံးအတွက် ပညာရေး” တကယ်ဖြစ်သလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပါသည်” ဟု အီကိုဆော့ ဥက္ကဌဖြစ်သူ Larazous Kapambwe က ပြောကြားခဲ့သည်။
များမကြာမီက စိန်ခေါ်ချက်တစ်ရပ်မှာ ကမ္ဘာ့ငွေကြေး အကျပ်အတည်းကြောင့် အစိုးရများမှ ပညာရေး ဘတ်ဂျက်ငွေကို လျော့ချပစ်လိုက်ခြင်း ဖြစ်သည်ဟု အီကိုဆော့ ECOSOC က ဆိုပါသည်။
ဝင်ငွေ နည်းပါသည့် နိုင်ငံ ၁၈ နိုင်ငံကို ဆာဗေး ပြုလုပ်ရာတွင် ၇ နိုင်ငံက ၂၀၀၉ ခုနှစ်တွင် ပညာရေး အသုံးစရိတ်ကို လျော့ချခဲ့ကြောင်း၊ အကျိုးဆက်အနေဖြင့် ကလေးငယ်များစွာမှာ ပညာသင်ကြားခွင့် ဆုံးရှုံးလိုက်ရကြောင်း ထောက်ပြခဲ့သည်။
ပညာသင်ကြားခွင့်အတွက် နောက်ထပ် ပြဿနာ တစ်ရပ်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း နိုင်ငံ ၃၅ နိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပါသည်။
အီကိုဆော့ ဥက္ကဌက ချမ်းသာသည့် ဖွံ့ဖြိုးပြီး နိုင်ငံများမှ  အကူအညီပေးရန်၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့် အစိုးရများ အနေဖြင့်လည်း ဆင်းရဲနွမ်းပါးသည့် နိုင်ငံများတွင် ပညာ သင်ကြားခွင့်ကို တိုးမြှင့် လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်သည်။ အထူးသဖြင့် အဆင်းရဲဆုံးနိုင်ငံများ Least develped countries (LCDs) များအတွက် လုပ်ဆောင်ကြရန် ပန်ကြားခဲ့သည်။
စာသင်ခန်း အပြင်ဘက်မှ မြန်မာကလေးငယ်များ
၂၀၀၅ - ၂၀၀၇ ခုနှစ်များတွင် ပြုလုပ်ခဲ့သည့် ပြည်တွင်းနှင့် နယ်စပ်ဒေသ NHEC ပညာရေး သုတေသန အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေးငယ် ၁၅ သန်း ခန့်ရှိပြီး ၃ သန်းကျော်မှာ စာသင်ခန်း အပြင်ဘက်တွင် ရှိနေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။
မိသားစု လူမှုစီးပွား နိမ့်ပါးလွန်းခြင်း၊ ကျောင်းလုံးဝ မရှိခြင်း၊ ကျောင်းဆရာဆရာမ မလုံလောက်ခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့်  အကျိုးဆက်တို့ကြောင့် မြန်မာကလေးငယ်များစွာမှာ ကျောင်းပညာသင်ကြားခွင့် မရရှိခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
ပိုမိုဆိုးဝါးလာနေသည့် လူမှုစီးပွား အကျပ်အတည်းများနှင့် ပြည်တွင်းစစ်မီးလျှံကြောင့် မြန်မာ ကလေးငယ်များ၊ အထူးသဖြင့် ကရင်၊ ကချင်၊ ရှမ်းနှင့် ကရင်နီ လူမျိုးစု တိုင်းရင်းသား ကလေးငယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း သိရပါသည်။
၂၀၁၁-၂၀၁၂ ပညာသင်နှစ် စတင်သည်မှာ ရက်သတ္တပတ် ၅ ပတ်ကြာမြင့်ပြီ ဖြစ်သော်လည်း မြို့နယ်တိုင်းတွင် ကလေးငယ်များစွာကို ကျောင်းစာသင်ခန်း အပြင်ဖက် လုပ်ငန်းခွင် များတွင် တွေ့မြင်ရကြောင်းလည်း ဒေသအသီးသီးမှ မြန်မာ ကျောင်းဆရာဆရာမများက မောက္ခ ပညာရေး မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
Source:maukkha

No comments:

နေ့မှာ