မူလစာမျက်နှာ

Tuesday, 8 February 2011

အရှုပ်အရှင်းများကြောင့် ဆန်းဂရုဏာနဲ့ မပေါင်းနိုင်တဲ့ နာရေးအသင်း

ဖေဖော်ဝါရီ ၈၊ ၂၀၁၁
နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ အသုဘပို့ယာဉ်များ အကူအညီနဲ့ ဆက်သွယ် ဆောင်ရွက်မယ်လို့ ပြည်ပမီဒီယာများမှာ ဖော်ပြခဲ့တဲ့ “ဆန်းဂရုဏာ နာရေးကူညီမှုအသင်း” ရဲ့ ကမ်းလှမ်းမှုကို နာရေးကူညီမှု အသင်း (ရန်ကုန်) က လုံးဝ လက်မခံနိုင်ကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက ဧရာဝတီကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်တဲ့ ဆန်းဂရုဏာ နာရေးကူညီမှုအသင်းရဲ့ အဆိုပါ ကမ်းလှမ်းမှုချက်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေမှာ နာရေးကူညီမှုအသင်းက အခုလို ငြင်းပယ်လိုက်တာပါ။

ဦးကျော်သူက “ကျနော်တို့ရဲ့ နိဗ္ဗာန်ယာဉ်တွေနဲ့ အကူအညီပေးဖို့ ဆန်းဂရုဏာက ဖေဖော်ဝါရီ ၄ ရက်၊ ၅ ရက် ၀န်းကျင်က စာတင်ပါတယ်။ ဒီအပေါ် တဦးတယောက်တည်း ဆန္ဒနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ မနေ့က ဖေဖော်ဝါရီ ၆ ရက် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆန်းဂရုဏာရဲ့ အကူအညီတောင်းခံမှုကို ငြင်းပယ်လိုက်ပါတယ်” လို့ ပြောပါတယ်။


ဒါ့အပြင် ဆန်းဂရုဏာ နာရေးကူညီမှု အသင်းရဲ့ ပုဂ္ဂိုလ်ရေး၊ လူမှုရေး၊ ငွေကြေး အရှုပ်အရှင်းတွေကို ပါဝင်ပတ်သက်မှု မပြုလိုကြောင်း၊ အယုတ်အလတ် အမြတ်မရွေး မည်သည့် နာရေးရှင်မဆို တိုက်ရိုက် အကူအညီတောင်းခံခြင်းကိုသာ ကူညီရန် အသင့်ရှိပါကြောင်း၊ ယခု ငြင်းပယ်မှုဟာလည်း အများဆန္ဒသာဖြစ်ကြောင်း ဦးကျော်သူက ရှင်းပြပါတယ်။

နာရေး ကူညီမှုအသင်း (ရန်ကုန်) ရဲ့ တခြား တာဝန်ရှိ ပုဂ္ဂိုလ် တဦးကလည်း “သူတို့ရဲ့ ကမ်းလှမ်းမှုကို အများဆန္ဒနဲ့ ဆုံးဖြတ်ဖို့ စီစဉ်နေဆဲမှာပဲ သူတို့က ‘နာရေး ကူညီမှုအသင်း (ရန်ကုန်) နှင့် ဆက်သွယ်ဆောင်ရွက်သွားမည်’ လို့ ပြည်ပ မီဒီယာမှာ ဖွင့်ချလိုက်ခြင်းဟာ နာရေးကူညီမှု အသင်း (ရန်ကုန်) ကို ခုတုံးလုပ် အသုံးချလိုက်ခြင်းသာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဦးကျော်သူကပင် “ကျနော်တို့ရဲ့ အခုလို ဆုံးဖြတ်မှုဟာ ပြည်သူတွေနဲ့ ရန်တိုက်ပေးသလို ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမယ့် မတတ်နိုင်ပါဘူး။ ခုရှုပ်မှ နောင်ရှင်း ကိစ္စ ဖြစ်နေတာမို့ သူတို့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမှတ် ၁၈၁၊ သုဒဿန ၄ လမ်း၊ ၁၆ ရပ်ကွက် အပိုင်း (၂) သင်္ကန်းကျွန်းမြို့နယ်တွင် ယာယီ ရုံးခန်း ဖွင့်လှစ်ထားသော ဆန်းဂရုဏာ နာရေးကူညီမှု အသင်းကို ၂၀၁၁ ဇန်န၀ါရီ ၂၅ ရက်က စတင်ဖွဲ့စည်းခဲ့ပါတယ်။

ဆန်းဂရုဏာ နာရေး ကူညီမှု အသင်းအား ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးမိ၊ အတွင်းရေးမှူး ဦးစန်းလှိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်ကြည်ကြည်ဝင်း အပါအ၀င် အသင်းဝင် ၃၁ ဦး၏ လစဉ် စုပေါင်း ထည့်ဝင်ငွေ ၉ သောင်းကျော်နဲ့ အသင်းအား စတင် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ နာရေးရှင်များ လာရောက် အကြောင်းကြားသည်နှင့် အသင်းမှ ကနဦး ထောက်ပံ့ငွေ ကျပ် တစ်သောင်း ပေးမည်ဖြစ်ကြောင်း၊ ရုပ်အလောင်း သင်္ဂြိလ်ရန်ကိုမူ နာရေးကူညီမှု အသင်းသို့ မိမိတို့ အဖွဲ့မှ ဆက်သွယ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အသင်းရုံးခန်း ဖွင့်လှစ်သည့် ဖေဖော်ဝါရီ ၅ ရက်က အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းက ထည့်သွင်းပြောကြားသွားပါတယ်။

ဒါပေမယ့် ဆန်းဂရုဏာ နာရေးကူညီမှု အသင်းက အဲဒီလို နိဗ္ဗာန်ယာဉ် တောင်းခံတာကို နာရေးကူညီမှု အသင်း (ရန်ကုန်) က လုံးဝငြင်းပယ်လိုက်ကြောင်း ဇန်န၀ါရီ ၇ ရက် ညနေ ၄ နာရီအထိ ဆန်းဂရုဏာ နာရေး ကူညီမှုအသင်းမှ မသိရှိသေးတာ တွေ့ရပါတယ်။

ဆန်းဂရုဏာ နာရေး ကူညီမှု အသင်းသည် ၂၀၁၁ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြည်ထဲရေး ၀န်ကြီးဌာနသို့ အသင်းဖွဲ့စည်းခွင့်နှင့် မှတ်ပုံတင် လျှောက်ထားဆဲဖြစပြီး ၀န်ကြီးဌာန၏ အတည်ပြုချက်ကို ယနေ့အထိ မရရှိသေးကြောင်း သိရပါတယ်။
Source:irrawaddyblog

No comments:

နေ့မှာ