ယခုတပတ် အမေရိကန် ဒေါ်လာဈေးမှာ ယခင်ထက် ကျပ် ၇ဝ ဝန်းကျင် မြင့်တက်ခဲ့သဖြင့် ဝယ်သူထက် ပြန်ရောင်းသူ များလာရာမှ ယနေ့တွင် ဈေးပြန်ကျကာ ရောင်းဈေးနှင့် ဝယ်ဈေး ၁၅ ကျပ် ကွာဟသွားခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ရောင်းဝယ်ဈေးနှုန်း ကွာဟမှုမှာ အမြင့်ဆုံး ၅ ကျပ်ခန့်အထိသာ ရှိတတ်သည်။
“ဒီနေ့ ဈေးကျသွားတယ်။ ဝယ်ရင် ၈၉ဝ၊ ရောင်းရင် ၈၇၅ ဈေးပေါက်တယ်။ amount များရင် ၈၈ဝ ပေးတယ်။ ပုံမှန်က ၂ ကျပ်၊ ၃ ကျပ်ပဲ ကွာတယ်။ အခုက အတက်အကျကြမ်းတော့ ဈေးခွါထားတာပါ” ဟု ကျောက်တံတားမြို့နယ်ရှိ ဒေါ်လာရောင်းဝယ်သူ တဦးက မဇ္ဈိမကို ပြောသည်။
ယခုလဆန်းအထိ ဒေါ်လာပေါက်ဈေး ၈၅ဝ ကျပ် ရှိခဲ့ရာမှ
ရက်ပိုင်းအတွင်း အတက်အကျမြန်ခြင်းမှာ ကျပ်တသောင်းတန် ငွေစက္ကူ ရိုက်နှိပ်မည်၊ ဝန်ထမ်းများ လစာတိုးပေးမည် စသည့် သတင်းများနှင့်အတူ လွှတ်တော်တွင်း နိုင်ငံရေး မငြိမ်မသက်မှု သတင်းများကြောင့် စီးပွားရေးသမားက ခိုင်မာသည့် ငွေကြေး ဒေါ်လာနှင့် ရွှေကို လက်ဝယ်ထားလိုခြင်းကြောင့်ဟု ဦးခင်မောင်ညို (ဘောဂဗေဒ) က သုံးသပ်သည်။
“စီးပွားရေးသမား အကုန်လုံးက လွှတ်တော်ကို စောင့်နေကြတယ်။ လွှတ်တော်က နိုင်ငံရေးကို ကြည့်ပြီး ကစားချင်ကြတယ်ပေါ့။ လွှတ်တော်မှာက ဗိုလ်ချုပ်တင်အေးတို့ဘာတို့ ထွက်ကြတယ်၊ ကျန်တဲ့ သတင်းလည်း အမျိုးစုံ ကြားနေတော့ လွှတ်တော်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ရှိမယ်ဆိုပြီး ယူဆတဲ့အတွက် ဒါက ပြဿနာ ရှိနေတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
ဒေါ်လာဈေးနှင့်အတူ ရွှေဈေးမှာလည်း ကျပ် ၄ သောင်းကျော်အထိ မြင့်တက်သွားခဲ့သည်။ ပြီးခဲ့သည့်အပတ်က တကျပ်သားလျှင် ၆ သိန်း ၄ ထောင် ကျပ် ရှိခဲ့ရာမှ ဗုဒ္ဒဟူးနေ့တွင် ၆ သိန်း ၈ သောင်းကျော်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဈေးတက်သဖြင့် ဝယ်သူ မရှိတော့ဘဲ တကျပ်သားလျှင် ကျပ် ၆ သိန်း ၆ သောင်းကျော်အထိ ပြန်ကျသွားသည်။
ဖေဖော်ဝါရီ ၁၂ရက် မှ ဖေဖော်ဝါရီ ၁၈ ရက်ထိ ဒေါ်လာဈေးနှုန်း မြင့်တက်မှုပြ ဇယား
ဒေါ်လာနှင့် ဝယ်သွင်းရသည့် ဒီဇယ်ဈေးမှာလည်း ဒေါ်လာနှင့်အတူ မြင့်တက်ခဲ့ပြီး တဂါလံလျှင် ၃၃ဝဝ ကျပ်မှ ၃၅ဝဝ အထိ ဈေးတက်သွားသည်ဟု ပုဂ္ဂလိက ဆီဆိုင်များက ပြောသည်။
ဒေါ်လာဈေး မတည်ငြိမ်ပါက ထုတ်ကုန်ထက် သွင်းကုန်ပိုများသည့် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး လုပ်ငန်းများတွင် နစ်နာမှုရှိကြောင်း ဘောဂဗေဒပညာရှင်က သုံးသပ်သည်။
“ကျနော်တို့လို ကုန်ထုတ်စွမ်းအားနည်းတဲ့ တိုင်းပြည်တွေမှာ ဒေါ်လာကို မတက်စေချင်ကြပါဘူး။ ဒေါ်လာဈေးရော ရွှေဈေးရောပေါ့။ နိုင်ငံရေးနွှယ်ပြီး ပြောင်းလဲမှုရှိတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေခံဟာ ငွေကြေးပေါ်မှာ (monetary) မူတည်တဲ့အတွက် ဒီငွေကြေးကို မထိန်းနိုင်သမျှ ကာလပတ်လုံး တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေကြမှာ မဟုတ်ဘူး” ဟု ဦးခင်မောင်ညိုက ဆိုသည်။
မြန်မာအစိုးရ တရားဝင် ထုတ်ပြန်ထားသည့် ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ် ဖြစ်သည်။
Source:mizzimaburmese
No comments:
Post a Comment