ပြီးခဲ့သည့်လ ၇ ရက်နေ့တွင် ကုမ္ပဏီဘက်က လယ်၊ ယာ၊ ဥယျာဉ်ခြံမြေ လျော်ကြေးအဖြစ် အမြင့်ဆုံး ကျပ် ၁ သိန်းမှ အနိမ့်ဆုံး ကျပ် ၃ သောင်း ပေးဆောင်ရန် ပြည်နယ်တရားရုံးက အမိန့်ချခဲ့သည်ကို မကျေနပ်သဖြင့် တောင်သူများက နေပြည်တော် တရားရုံးချုပ်သို့ အယူခံတင်ခဲ့ခြင်း ဖြစ်သည်။
“နေပြည်တော် ရုံးချုပ်မှာ သွားတင်ရတာပါ။ ပထမအယူခံတော့ လက်ခံလေ့ ရှိပါတယ်။ ဒါပေမဲ့ ဝန်ကြီးတွေ အပြောင်းအလဲရှိတော့ အခြေအနေ မသိရသေးဘူး” ဟု အမှုအကျိုးဆောင် ရှေ့နေ ဦးမြင့်သွင်က မဇ္ဈိမကို ပြောသည်။
၃ နှစ်စာ လယ်ယာလုပ်ကိုင်ခွင့်နှင့် မြေယာဆုံးရှုံးမှုကို ထိုက်တန်သည့် လျော်ကြေးမရဟုဆိုကာ တောင်သူများက တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်မခံဘဲ အယူခံတင်ကာ လျှောက်လဲခဲ့ခြင်း ဖြစ်သည်။ အပြီးသတ် လျှောက်လဲရန် ရက်သတ္တ ၂ ပတ်မှ ၃ ပတ်ခန့်အထိ ကြာနိုင်သည်ဟု ဦးမြင့်သွင်က ဆိုသည်။
၂ဝဝ၇ ခုနှစ်ထဲတွင် ဖားကန့်မြို့နယ် အောင်ရာ၊ ရှရုဇွပ်၊ ဘန်ကောက်၊ နမ်ဆန်၊ ဝါရာဇွပ် စသည့် ရွာ ၅ ရွာမှ တောင်သူများ၏ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့သည့် ဥယျာဉ်ခြံနှင့် လယ်ယာမြေ ဧက ၁ ထောင်ကျော်ကို ပီလောပီနံနှင့် ကြံစိုက်ရန် စစ်တပ်နှင့် ယုဇနကုမ္ပဏီက သိမ်းခဲ့သဖြင့် တောင်သူ ၁၄၈ ဦး တရားစွဲခဲ့သည်။
နောက်ထပ် ၂၄ ဦးကလည်း ယုဇနကို ထပ်မံတရားစွဲဆိုခဲ့ရာ ပြည်နယ်တရားရုံးတွင် တရားပြိုင်များကို စစ်ဆေးနေပြီဖြစ်သည်။
Source:mizzimaburmese
No comments:
Post a Comment