ရန်ကုန်တိုင်း အလုံမြို့နယ် ကွင်းချောင်းလမ်းရှိ ပါတီရုံးချုပ်တွင် အစည်းအဝေးကျင်းပရာ တိုင်း/ပြည်နယ်များမှ လာရောက်သည့် ကိုယ်စားလှယ် ၅ဝ ထဲမှ ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင် ၁၅ ဦးကို မဲပေးရွေးချယ်ကာ ထိုအထဲမှ ဒေါက်တာသန်းငြိမ်းကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ဒေါက်တာသန်းငြိမ်းကိုပဲ ပြန်ပြီးတော့ ဥက္ကဋ္ဌအဖြစ်
ဒုဥက္ကဋ္ဌအဖြစ် ဦးစိုးဝင်းနှင့် ဒေါက်တာ လှစိုးညွန့် (မန္တလေး)၊ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ တွဲဘက် အတွင်းရေးမှူး ဦးမြင့်သွင် (မန္တလေး) နှင့် ဦးမျိုးဇော်အောင် (ရန်ကုန်)၊ ဘဏ္ဍာရေးမှူး ဦးကြည်သန်း၊ CEC အဖွဲ့ဝင်အဖြစ် ဦးခင်မောင်ဝင်း၊ ဒေါက်တာသန်းဝင်း၊ ဦးစိန်ဝင်း၊ ဒေါ်ခင်ဝိုင်းကြည် အပါအဝင် နောက်ထပ် ၈ ဦးကိုပါ ရွေးချယ်ခဲ့သည်။
အစည်းအဝေးသို့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းမှ ဗဟိုဦးစီးအဖွဲ့ဝင် CC ၅ဝ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် CEC ကို ပြန်လည်ရွေးချယ်ကာ တိုင်း/ပြည်နယ်များရှိ ဗဟိုဦးစီးအဖွဲ့ဝင် CC များကို အတည်ပြုခဲ့သည်။ ထို့အပြင် ပါတီတာဝန် မကျေပွန်မှု မရှိခြင်း၊ ပါတီအတွင်းရေးများကို မီဒီယာများတွင် တာဝန်မဲ့စွာ ပြောဆိုသည်ဟုဆိုကာ ယခင် CEC က ဦးသိန်းညွန့်ကို ထုတ်ပယ်ခဲ့သည့်အပေါ် ယခုအစည်းအဝေးက သဘောတူကြောင်း ဆုံးဖြတ်ခဲ့သေးသည်။
နောက်ပိုင်းတွင် ဘဏ္ဍာရေး၊ ဗဟိုဥပဒေ၊ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့များသာမက အမျိုးသမီး၊ လူငယ်၊ တောင်သူလယ်သမားနှင့် အလုပ်သမား ကော်မတီများကို ဆက်လက်ဖွဲ့စည်းသွားမည်ဟု NDF က ဆိုသည်။
ယခုလ ၃၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များကို စစ်အစိုးရက ခေါ်ယူကျင်းပသွားမည်ဟု ယနေ့ ထုတ်ပြန်ကြေညာခဲ့ရာ NDF အနေဖြင့် လွှတ်တော်ထဲတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဦးစားပေးအဖြစ် တင်သွင်းအဆိုပြုသွားမည်ဟု ဦးခင်မောင်ဆွေက ပြောသည်။
“နံပါတ် ၁ ကိစ္စကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးပဲ။ ပြစ်ဒဏ်ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကို အဲဒီ့အဆိုကို ဦးဆုံးတင်မှာပါ။ ဒုတိယအဆိုက စီးပွားရေး။ ကျနော်တို့ အခွင့်အလမ်းတွေကို တပြေးညီရရှိနိုင်အောင် စီးပွားရေးပြင်ညီကွင်းဖြစ်ရေး၊ စီးပွားရေးလက်ဝါးကြီးအုပ်မှု ပပျောက်ရေးကို အဆိုတင်မှာပါ။ အဲဒါမျိုးတွေပါပဲဗျာ” ဟု သူက ပြောသည်။
ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင် NDF ခေါင်းဆောင်များဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်နှင့် ပါတီလူငယ်နှစ်ဦးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခဲ့ကာ၊ မကြာခင်တွင် ထပ်မံတွေ့ဆုံသွားမည်ဟု သူက ဆိုသည်။
NDF သည် ရွေးကောက်ပွဲဝင်ရန်အတွက် သဘောထားချင်း မတိုက်ဆိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ CEC ၄ ဦး၊ CC ၇ ဦးနှင့် လူငယ်အဖွဲ့ဝင်အချို့ အပါအဝင် NLD ပါတီဝင် ၂၇ ဦးက ခွဲထွက်ကာ ပြီးခဲ့သည့်နှစ် မေလ ၆ ရက်နေ့တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
၂ဝ၁ဝ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် NDF အမတ်လောင်း ၁၆၃ ဦး ဝင်ပြိုင်ရာတွင် ၁၆ ဦး ရွေးချယ် တင်မြောက်ခံခဲ့ရသည်။
Source:mizzimaburmese
No comments:
Post a Comment