မူလစာမျက်နှာ

Monday, 10 January 2011

ကလေးဓာတ်ဆီဆိုင်နှင့် ဘောက်ဆာကား မီးလောင်

 စစ်ကိုင်းတိုင်း ကလေးမြို့ မြို့လယ်ခေါင် ပုဂ္ဂလိက ဓာတ်ဆီဆိုင် တခု၌ ယနေ့ညနေပိုင်းတွင် ၂ နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွားရာ ဆီဆိုင်နှင့် ဆီသယ်သောကားများ မီးလောင်သွားသည်။

မြို့လယ်ခေါင် ပင်လုံရပ်ကွက် အထက (၃) ရှေ့ရှိ အဆိုပါ မြတ်မေတ္တာမွန် ဓာတ်ဆီဆိုင်၌ ဓာတ်ဆီသယ် ဘောက်ဆာကားမှ ဆီလှောင်ကန်ထဲ ဓာတ်ဆီ လောင်းထည့်နေစဉ် စတင်လောင်ကျွမ်းပြီး ညနေ ၄ နာရီမှ ၆ နာရီခွဲထိ ကြာမြင့်ကြောင်း မြို့ခံများက ပြောသည်။ 

“ဘောက်ဆာ ကားထဲက ဓာတ်ဆီတွေ လှောင်ကန်ထဲကို လောင်းထည့်နေတုန်း တခုခုနဲ့ ပွတ်တိုက်ရာကနေ မီးထလောင်တာဗျ။ ဆီဆိုင်လောင်တယ်ဆိုတော့ဗျာ မီးကတော်တော်ကြီးတယ်။ ပတ်ဝန်းကျင် အိမ်တွေ မကူးတာ တော်သေးတယ်” ဟု မြို့ခံ ကျောင်းဆရာ တဦးက မဇ္ဈိမကိုပြောသည်။

မီးစလောင်ပြီး ၁၅ မိနစ်ခန့်အကြာတွင် မီးသတ်ကားများ ရောက်လာခဲ့သော်လည်း မီးညွန့်တက်မည် စိုးသဖြင့် ရေမပက်ပဲ စောင့်ကြည့်နေကြသည်ဟုဆိုသည်။

ဓာတ်ဆီဆိုင်အနီး ပင်လုံရပ်ကွက် အိမ်များ မီးမလောင်စေရန်နှင့်  ဝင်မလုနိုင်စေရန်  မင်္ဂလာဥယျာဉ် စာသင်တိုက်မှ သံဃာတော်များက ရေပုံးများ၊ အဝတ်စများ ရေစွတ်ကာ စောင့်ကြပ်ပေးကြကြောင်း မြို့ခံများကပြောသည်။

မီးလောင်မှုကြောင့် မြို့တွင်းရှိ ဓာတ်ဆီမှောင်ခို အရောင်းသမားများ ပစ္စည်းများသိမ်းဆည်းကာ မြို့ပြင်ဘက်သို့ တိမ်းရှောင်သွားသည်ဟု မျက်မြင်မြို့ခံများက မဇ္ဈိမကိုပြောသည်။
Source:mizzimaburmese

No comments:

နေ့မှာ