မူလစာမျက်နှာ

Tuesday, 21 September 2010

စစ်အစိုးရ မဲရုံစောင့်ကြည့်ရေးသင်တန်း တက်ရောက်သူများ နားမလည်

ရွေးကောက်ပွဲကော်မရှင်မှ လူထုအား  မဲရုံစောင့်ကြည့်ရေး ပညာပေးသင်တန်း  ပို့ချပေးခဲ့ရာ တက်ရောက်သူများအနေနဲ့ နားလည်သဘောပေါက်မှုမရှိကြောင်း သင်တန်းတက်ခဲ့သူများပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမဆောင်တွင် စက်တင်ဘာ ၁၂ရက်နေ့၌ မနက် ၇နာရီမှ ညနေ ၄နာရီအထိ ရွေးကောက်ပွဲဆိုင်ရာ မဲရုံစောင့်ကြည့်ရေး ပညာပေး သင်တန်းကို တစ်ရက် ပြုလုပ်ခဲ့သည်။
0530-voter
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ နှင့် ကချင်မဲပေးသူများ။ ဓါတ်ပုံ - ကချင်သတင်းဌာန

“အချိန်က အရမ်းတိုတယ်၊ သရုပ်ပြမှုကိုတစ်ခါပဲ လုပ်လိုက်ရတယ်၊ လူအရမ်းများတယ်ဆိုတော့ ဘာမှကောင်းကောင်းမသိလိုက်ရဘူး” ဟု တက်ရောက်သူ တစ်ဦးမှပြောသည်။

ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကော်စီ (ပယက) အတွင်းရေးမှူး၊ ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ လူကြီးများနှင့် ဝါရင့် ရှေ့နေများမှ ဦးဆောင်ကာ သင်တန်းပို့ချခဲ့ခြင်းဖြစ်သည်။

၎င်းသင်တန်း တက်ရောက်ခဲ့သူ ၅၂၂ ယောက်ရှိပြီး အများဆုံးမှာ  ပညာရေးဝန်ထမ်းများဖြစ်သော ကျောင်းဆရာ/ ဆရာမ များသာ ဖြစ်ကြောင်း သိရသည်။

“ကျောင်းဝတ်စုံတွေနဲ့ သင်တန်းလာတက်ကြတယ်၊ အရပ်သားဝတ်စုံတော့ သိပ်မတွေ့ရဘူး” ဟု သင်တန်းတက်ရောက်သူမှ ဆက်ပြောသည်။

မြစ်ကြီးနားမြို့အတွင်းရှိ ရွှေစက်ရပ်ကွက်မှ  ရွေးကောက်ပွဲ အကြောင်းမသိသော အဒေါ်ကြီး တစ်ယောက်အားလည်း ရပ်ကွက် လူကြီးမှ မဲရုံစောင့်ကြည့်ရန်အတွက် တာဝန်ပေးနေကြောင်း ၎င်းအဒေါ်ကြီးမှပြောသည်။

“ရပ်ကွက်ဥက္ကဋ္ဌလာခေါ်တယ်၊ ကျမက ဘာမှမသိဘူး၊ သူတို့ပြောတော့လည်း လုပ်ရမှာပေါ့” ဟု ရယကလူကြီးဆင့်ခေါ်မှုအပေါ် သဘောတူခဲ့ရကြောင်း ပြောသည်။

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) မှ ဦးအောင်ဝါက “သူတို့အဓိက သင်တန်း လုပ်တာက သူတို့ လူတွေပဲ။ အရင် ၂၀၀၈ တုန်းကလဲ သူတို့လူတွေကိုသာ မဲရေတာ။ မဲရုံစောင့်ကြည့်တာတွေ သင်တန်းပေးခဲ့တယ်။ အရင်လည်း အဲလိုလုပ်တယ်။ အခုလည်း အဲလိုပဲ လုပ်ချင်လို့ မဲရုံစောင့်ကြည့်ရေး သင်တန်းပေးတာပါ။ သူတို့မူဝါဒအောင်မြင်ဖို့ လုပ်တာပါ။ သူတို့လူအတွက်ပဲပေါ့။” ဟု ပြောသည်။

စစ်အစိုးရမှ မဲရုံစောင့်ကြည့်သူများအတွက် အချိန်တိုအတွင်းသာ ပညာပေး ပို့ချပေးမှုများပြုလုပ်ခဲ့ခြင်းကြောင့် သင်တန်းတက်ရောက်သူများဟာ ဘာမှ နားလည် သိရှိမှုမရှိခြင်းဖြစ်သည်ဟု တက်ရောက်ခဲ့သူများ ပြောနေကြသည်။

စစ်အစိုးရပိုင် သတင်းစာများမှ ရွေးကောက်ပွဲကော်မရှင်က ရှမ်း၊ မွန်၊ ချင်း၊ ကယား(ကရင်နီ)၊ စကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန် စသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အဆင့်ဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် ချပြဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲကျင်းပရန် တစ်လကျော်သာ ကျန်ရှိချိန် ရွေးကောက်ပွဲ ကော်မရှင်မှ မဲရုံစောင့်ကြည့်ရေး ပညာပေးမှုများ လုပ်ဆောင်ပေးနေခဲ့သော်လည်း လူထုအား မဲထည့်ခြင်းဆိုင်ရာနည်းလမ်းများကိုမူ ယခုထိ ပညာပေးမှု မရှိသေးပါ။

No comments:

နေ့မှာ