၂၀၁၀ ရွေးကောက်ပွဲဝင်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၄) ဦးက ပါတီတိုင်းကို မိမိတို့ပြိုင်ဘက်ဟု သတ်မှတ်မည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား ယနေ့ ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်ရှိ ကုန်းဘောင်ခန်းမ၌ ယနေ့ မွန်းလွဲ (၂) နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကိုယ်စားလှယ်လောင်း (၁၄) ဦးမှာ ဦးဘတင့်ဆွေ (မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးဇော်မင်းသိန်း (လေးမျက်နှာမြို့နယ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁)၊ ဒေါက်တာစောနိုင် (တောင်ဥကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁)၊ ဦးရန်ကျော် (ပုစွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာစိုးလွင် (လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာသန်းမြင့် (အမရပူရမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁)၊ ဦးဝင်းချို (ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁)၊ ဦးဝင်းကိုကို (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၊ သန်လျင်မြို့နယ် ကိုယ်စားလှယ်)၊ ဦးကြည်သိန်းဦး (မြောက်ဥက္ကလာပ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်၂)၊ ဦးသိန်းဌေး (သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁)၊ ဦးတင်အေး (လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးကောင်းမြတ်ထွဋ် (တောင်ဥက္ကလာပမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးသန်းဇော်ဦး (ဒလမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးလှရှိန် (မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်၁) တို့ ဖြစ်ကြကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားသည်။
အဆိုပါ ကိုယ်စားလှယ်လောင်းများအနက် ဦးဇော်မင်းသိန်း၊ ဦးတင်အေးနှင့် ဦးကြည်သိန်းဦးတို့ (၃) ဦးသာ နိုင်ငံရေးနှင့် ဆက်နွှယ်သူများ မဟုတ်ကြောင်း ၎င်းတို့ဝေငှသော စာရွက်မှတ်တမ်းများအရ သိရသည်။
ကိုယ်စားလှယ်လောင်းများအားလုံးက မိမိတို့ယှဉ်ပြိုင်ကြမည့် မြို့နယ်တိုင်းရှိ ပါတီများအားလုံးမှာ မိမိတို့၏ပြိုင်ဘက်ဖြစ်ကြောင်း ဦးရန်ကျော် (ပုစွန်တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) က “ပြေးလမ်းတိုင်းက အပြေးသမားတွေက ကိုယ့်ပြိုင်ဘက်လိုပဲပေါ့” ဟု ဥပမာပေးပြောဆိုသည်။
တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲဝင်ရသည့် အကြောင်းရင်း (၇) ချက်ကိုလည်း ဦးရန်ကျော်က ကြေညာခဲ့သည်။
အဆိုပါအချက်များမှာ (၁) အနာဂတ်မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်မပေါ်ပေါက်ရေး၊ (၂) ဒီမိုကရေစီစနစ် ရှင်သန်ထက်မြက်ရေး၊ (၃) နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အကျိုးမရှိသော ဒီမိုကရေစီလမ်းကြောင်းများနှင့် သွေဖည်နေသော ဥပဒေများ ပယ်ဖျောက်ရေး၊ အကျိုးရှိသောဥပဒေများ အတည်ပြုရေး၊ (၄) အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဦးစားပေးဖော်ဆောင်ရေး၊ (၅) သာတူညီမျှ အခြေချလုပ်နိုင်သောစီးပွားရေးစနစ် ပေါ်ထွန်းရေး၊ (၆) ရွေးကောက်ပွဲနေ့တွင် ပြည်သူများ မဲရုံသို့ရဲရဲသွား၊ ရဲရဲတွေး၊ ရဲရဲဆုံးဖြတ်ပြီး ရဲရဲမဲပေးရေး၊ (၇) ယင်းသို့မဲပေးရာတွင် (က) ကျားသေကိုအသက်သွင်းမည့်၊ ရာဇ၀င်ဘီးကို နောက်ပြန်လှည့်မည့် ကိုယ်စားလှယ်လောင်းများ၊ (ခ) လက်ညှိုးထောင်ခေါင်းညိတ်သာ လုပ်တတ်မည့် ကိုယ်စားလှယ်လောင်းများ၊ (ဂ) ငါးသိန်းတန်ဝင်ခွင့်လက်မှတ်များကိုင်ပြီး ရွေးကောက်ပွဲဝင်မည့် ခါတော်မီဝေလေလေကိုယ်စားလှယ်လောင်းများကို လုံးဝမဲမပေးရေးတို့ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment