ကရင်နီပြည်အတွင်းရှိ ကျောင်းဆရာ၊မများက နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွင်း မဲရုံမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည်ကို စိတ်မ၀င်စားကြသော်လည်း စားဝတ်နေရေး အခက်အခဲများကြောင့် ဆောင်ရွက်ရမည် ဖြစ်သည်ဟု ပြောကြသည်။ “အထက်က ချမှတ်ပေးထားတာလေ။ လုပ်ခိုင်းတော့ လုပ်ရတော့မှာပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။ သားသမီး စားဝတ်နေရေးက အဓိကလေ။ မလုပ်လို့မှ မရတာ သူတို့ လက်ခုပ်တဲ့က ရေလိုဘဲလေ” ဟု လွိုင်ကော်ဒေသခံ ကျောင်းဆရာ တဦးက ပြောသည်။
စားဝတ်နေရေး မလုံလောက်၍ အချို့သော အထက်တန်းပြ၊ အလယ်တန်းပြ ဆရာ၊မများက တဖက်တလမ်းမှ နေအိမ်တွင် ကျူရှင်သင်ပေးခြင်းဖြင့် စားဝတ်နေရေးကို အထောက်အကူပြု ဖြေရှင်းနေကြရသည်။
ကျောင်းဆရာ၊မများကို မဲရုံစောင့်၊ မဲရေတွက်ချိန်နှင့် မဲလာထည့်သည့် ဒေသခံများကို အကူအညီ ပေးသည့် နေရာများတွင် တာဝန်ယူ ဆောင်ရွက်ခိုင်းခြင်းသည် ပိုမိုစိတ်ချရသည်ဟု ဒီးမော့ဆိုမြို့နယ်မှ မြို့နယ်ဥက္ကဌက ယခင်လက ပြောကြားခဲ့သည်။
ကရင်နီပြည် နိုင်ငံရေး အမြဲတမ်း လေ့လာစောင့်ကြည့်သူတဦးက “ကျောင်းဆရာ၊မတွေကို ယုံကြည်တယ်လို့ ဆိုပေမယ့် မြို့နယ်ပညာရေးမှူးတို့၊ ပြည်နယ်ပညာရေးမှူးတို့က အဆင့်ဆင့် ကိုင်တွယ်လှုပ်ရှား သက်ဝင်နေတဲ့လူ ဖြစ်တယ်။ သူတို့ အထက်က အာဏာကိုလည်း မလွန်ဆန်ရဲပါဘူး။ အများအမြင်မှာတော့ ကျောင်းဆရာ၊မတွေကို ယုံကြည်တယ်လို့ ပြောပေမယ့်လို့ ဒီမဲရေတွက်တာတို့ အားလုံးကို ကိုင်တွယ်မှာက ကြံ့ဖွံ့က လူတွေနဲ့ အာဏာပိုင်ကနေ ဆင်းသက်လာတဲ့ လူတွေပဲ ဖြစ်နေတယ်လေ။ ရိုးရိုးသာမန် ပြည်သူတွေက မွေးဖွားလာတဲ့၊ ပြည်သူထဲမှာ ရှင်သန်လှုပ်ရှားနေတဲ့ ဆရာ၊မတွေ ပါဝင်နိုင်မှာတော့ မဖြစ်နိုင်ပါဘူး” ဟု ပြောပါသည်။
ရှားတော့မြို့နယ် ကျေးရွာတရွာမှ ကျောင်းဆရာတဦးက ကလေများကို စာသင်ကြားနေပုံ
No comments:
Post a Comment