| ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး ဒီလိုဖြစ်စေချင်တယ် | | |
| Monday, 23 April 2012 09:01 |
| လွတ်လပ်ရေးစစ်ပွဲအပြီး အမေရိကန် ပြည်ထောင်စုမှာ၊ သမ္မတ ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က ကျင်းပခဲ့ကြတဲ့ ရွေးကောက်ပွဲများကိုကြည့်ရင် သန့်ရှင်းပွင့်လင်းပြီး ထင်သာမြင်သာရှိတယ်။ သမ္မတများ၊ နိုင်ငံရေးပါတီများ၊ ကိုယ်ကျိုး မရှာ တိုင်းပြည်နှင့် လူမျိုးအတွက်သာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတယ်။ နိုင်ငံရေးပါတီများ ယုံကြည်ချက် အယူဝါဒ မတူကြဘူး။ ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ကြတဲ့အခါမှာ တညီတညွှတ်၊ တစ်စိတ်တစ်ဝမ်းတည်း ရှိကြတယ်။ ဒီအစဉ်အလာကောင်းဟာ နှစ်ပေါင်း ၂၀၀ ကျော်လာခဲ့ပေမယ့် အခုထိ ဆက်လက် လက်ဆင့်ကမ်း တည်ရှိနေတယ်။ အဲဒါဟာ ချီးကျူးစရာ၊ အတုယူစရာပဲ။ ၂၀၀၀ ပြည့်နှစ်၊ အမေရိကန် ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဒုတိယသမ္မတ အယ်လ်ဂိုးနှင့် ရီပါဘလစ်ကန်ပါတီမှ ဂျော့ဘုရှ်တို့ အကြိတ်အနယ် ပြိုင်ကြတယ်။ ဂျော့ဘုရှ်က မဲအနည်းငယ်နဲ့ ပွတ်ကာသီကာနိုင်တယ်။ ဒုတိယ သမ္မတအယ်လ်ဂိုးက သူရှုံးကြောင်း ၀န်ခံပြီး ဂျော့ဘုရှ်နိုင်တဲ့အတွက် ၀မ်းသာကြောင်းနဲ့ ဂုဏ်ပြုကြောင်း ဖုန်းဆက်ပြောတယ်။ ထိုနည်းတူပဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်ပါတီမှ အရွေးခံသူဆီနေတာ ဂျွန်မက်ကိန်းက ဒီမိုကရက်တစ်ပါတီမှ အရွေးခံသူ ဘားရက်အိုဘားမား နိုင်သည်ကိုဝန်ခံပြီး အိုဘားမား အနိုင်ရသည်ကို ၀မ်းမြောက်ဝမ်းသာ ချီးကျူးဂုဏ်ပြုကြောင်း နှင့် နိုင်ငံတော်အတွက် လက်တွဲ ဆောင်ရွက်မယ့်အကြောင်း ပြောကြားခဲ့တယ်။ ရှုံးတဲ့သူက အရှုံးကို ၀န်ခံရဲပြီး နိုင်တဲ့သူကလည်း ထောင်လွှားမှု မရှိဘူး။ လက်တွဲဆောင်ရွက်ကြဖို့သာ ပြောတယ်။ ပြောတဲ့အတိုင်း၊ တိုင်း ပြည်ကိစ္စများ ဆောင်ရွက်ကြရာမှာ သဘောကွဲလွဲမှု၊ အငြင်းအခုန်များ ရှိပေမယ့် လုပ်ငန်းများ ဆောင်ရွက်ရာမှာ တညီတညွတ်တည်း ရှိကြတယ်။ အစိုးရ အပြောင်းအလဲ ရှိပေမယ့် တိုင်းပြည်အုပ်ချုပ်ရေးယန္တရားနဲ့ လုပ်ငန်းများ တုံ့နှေးမှု မရှိဘူး။ ပုံမှန်အတိုင်း လည်ပတ်နေတယ်။ ဒီတိုင်း ပြည်ထိပ်တန်းရောက်နေတာ ဒီစိတ်ဓာတ်နဲ့ ဒီစနစ်ကြောင့်ပဲလို့ပြောရင် လွန်မယ်မထင်ဘူး။ အတုယူစရာတွေပါ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး အတုယူစရာ နောက်တစ်ခု ပြောချင်သေးတယ်။ အဲဒါကတော့ ၁၈၀၁ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု သမ္မတဖြစ်လာတဲ့ သောမတ်ဂျက်ဖာဆင် သမ္မတကျမ်းသစ္စာကြိမ်ဆိုပွဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းပါ။ ''မိတ်ဆွေများနဲ့ တိုင်းသူပြည်သားများခင်ဗျာ၊ မိတ်ဆွေတို့ ယုံကြည်အားကိုးတင်မြှောက်ခဲ့လို့ တိုင်းပြည်ရဲ့အမြင့်ဆုံးရာထူးကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့ကံကြမ္မာကို ဖန်တီးနိုင်တဲ့ သမ္မတဆိုတဲ့ ကြီးလေး များပြားတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ စိုးရွံ့စိတ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒီခန်းမထဲ ၀င်လာတဲ့အခါမှာ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဘက်များမျက်နှာကို တွေ့လိုက်ရတော့ အားရှိသွားပါတယ်။ နိုင်ငံတော် စည်းကမ်းဥပဒေကို ရေးဆွဲခဲ့ကြတဲ့ ဥပဒေ ပညာရှင်ကြီးများ၊ စီးပွားရေး ပညာရှင်ကြီးများ စက်မှုလက်မှု ပညာရှင်ကြီးများ၊ ကွန်ဂရက် လူကြီးမင်းများ၏အားသည် တိုင်းပြည်အတွက် အင်အားဖြစ်လို့ အားတက်မိပါတယ်။ ကျွန်တော်တို့ နိုင်ငံရေး ပါတီများအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ကြပါပြီ။ တရားမျှတစွာ၊ လွတ်လပ်စွာ၊ ပြိုင်ဆိုင်ခဲ့ကြတဲ့အတွက် ကျွန်ုပ်တို့ နိုင်ငံတော်ဟာ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိကြောင်း ကမ္ဘာကို ပြသခဲ့ပြီး ဖြစ်ပါတယ်။ စကား အခြေအတင် ပြောခဲ့ကြတာတွေ၊ ငြင်းခုံခဲ့ကြတာတွေ ပြီးခဲ့ကြပါပြီ။ အခုအချိန်မှာ ပြည်သူအားလုံး၊ လူမျိုးဘာသာမရွေး၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့ တိုင်းပြည်အတွက် ကောင်းအောင်လုပ်ကြဖို့ပဲ ကျန်ပါတယ်။ ရွေးကောက်ပွဲမှာ အများစုက အနိုင်ရခဲ့ပါပြီ။ ဒါပေမယ့် လူနည်းစု ရှိနေတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ အများစုရဲ့ဆန္ဒအရ အုပ်ချုပ်ရမယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်း အများစု၏ အုပ်ချုပ်မှုသည် တရားမျှတရပါမယ်။ လူနည်းစု အခွင့်အရေးနှင့် တူညီရပါမယ်။ မှန်ကန် မျှတသော တရားဥပဒေ၏ အကာအကွယ် ရရှိရပါမယ်။ တစ်ဦးကိုတစ်ဦး နာကြင်မှု၊ မဖြစ်စေတတ်တဲ့ အစိုးရတစ်ရပ်ရှိဖို့ လိုပါတယ်။ အစိုးရတစ်ရပ်သည် မိမိတိုင်းသူပြည်သားအားလုံးကို လွတ်လပ်မှု၊ တရားမျတမှု၊ ငြိမ်းချမ်းသာယာမှုကို ပေးနိုင်စွမ်းရှိပြီး၊ တိုင်းသူပြည်သားများထံမှ ခေါင်းပုံဖြတ် အမြတ်ကြီးစားမလုပ်တဲ့ စေတနာကောင်းအပြည့်ရှိတဲ့ အစိုးရမျိုးရှိဖို့ လိုပါတယ် ... ကျွန်ုပ်တို့ တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီး၊ ချစ်ချစ်ခင်ခင်၊ စိတ်ရော ကိုယ်ပါ ညီညွတ်ကြပါစို့။ ငြိမ်းချမ်းမှု၊ ချစ်ခင်မှု၊ လွတ်လပ်စွာ တွေးခေါ်မှု ပြောဆိုမှု၊ ရေးသားမှုမရှိလျှင် ဘ၀သည် အဓိပ္ပာယ်မရှိပါ။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုမရှိလျှင် နိုင်ငံရေး လွတ်လပ်မှု မရှိနိုင်ပါ။ သို့ဖြစ်၍ ကိုးကွယ်မှု၊ ယုံကြည်မှုမတူ၊ ကွဲပြားသဖြင့် လူနည်းစုများကို အပြစ်ပေးခြင်း၊ ညှဉ်းဆဲ နှိပ်ကွပ်ခြင်းများ အလျဉ်းမရှိစေရပါ။ ကျွန်ုပ်တို့ ညီညွတ်နေတဲ့ ကာလပတ်လုံး ပြည်ထောင်စု အစိုးရကို ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်အုပ်ချုပ်နေသမျှ ကာလပတ်လုံး၊ ကျွန်ုပ်တို့နိုင်ငံ တည်ရှိနေပါမယ်။ ဒီစနစ်ကြောင့် ကျွန်ုပ်တို့ ကံကောင်းသည်ဆိုရပါမယ်။ ဥရောပ အရှေ့အလယ်ပိုင်းနဲ့ အာရှနိုင်ငံများမှာ ဘုရင်များ၊ အာဏာရှင်များ၊ သက်ဦးဆံပိုင်မင်းများ အုပ်စိုးခဲ့ကြလို့ အချင်းချင်း အာဏာလုစစ်ပွဲများ ဖြစ်ခဲ့ကြတယ်။ တိုင်းသူပြည်သားများ သေကြေကြတယ်။ အလုပ်မလုပ်နိုင်လို့ ဆင်းရဲကြတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ စစ်ကို မလိုလားဘူး။ လွတ်လပ်မှု၊ ညီညွတ်မှု၊ တရားမျှတမှုကို လိုလားတယ်။ ဒါကြောင့် စိတ်ဆင်းရဲမှု မရှိဘူး။ မိမိစိတ်တိုင်းကျ လွတ်လွတ်လပ်လပ် တွေးခေါ်ဆောင်ရွက်နိုင်လို့ သားစဉ်မြေးဆက် တည်တံ့ပါမယ်။ ကျွန်ုပ်တို့က ပေါက်ဖွားလာတဲ့ မျိုးဆက်များ တန်းတူရည်တူ အခွင့်အရေး ရှိကြတယ်။ ချမ်းသာတဲ့မိဘက မွေးဖွား လာသူသာ၊ လူမဟုတ်၊ ဆင်းရဲတဲ့မိဘက မွေးဖွားလာသူလည်း လူဖြစ်တယ်။ အခွင့်အရေး တန်းတူရှိတယ်။ ဒီနိုင်ငံမှာ ယုံကြည်ကိုးကွယ်မှု၊ ဘာသာ အယူ ကွဲပြားသူ အများအပြားရှိတယ်။ ဘာသာအားလုံး ရိုးသားမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ သနားကြင်နာမှု သင်ကြားပေးပြီး သတ္တ၀ါအားလုံးအပေါ် ကြင်နာသနားတယ်။ ဒီလိုပြည့်စုံနေတဲ့အတွက် ကံကောင်းကြပါတယ်။ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် လူကြီးမင်းများခင်ဗျား။ ကျွန်တော်တို့မှာ လိုအပ်နေတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ တွေးခေါ်မြော်မြင်တတ်တဲ့ အသိပညာပါတဲ့။ တစ်ဦးကိုတစ်ဦး နာကြင်မှု၊ မဖြစ်စေတတ်တဲ့ အစိုးရတစ်ရပ် ရှိဖို့လိုပါတယ်။ အစိုးရတစ်ရပ်သည် မိမိတိုင်းသူပြည်သား အားလုံးကို လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှုကို ပေးနိုင် စွမ်းရှိပြီး၊ တိုင်းသူပြည်သားများထံမှ ခေါင်းပုံဖြတ် အမြတ်ကြီးစား မလုပ်တဲ့ စေတနာကောင်းအပြည့်ရှိတဲ့ အစိုးရမျိုး ရှိဖို့လိုပါတယ်။ ကျွန်တော့်ရဲ့ တိုတောင်းတဲ့ မိန့်ခွန်းထဲမှာ ကျွန်တော်လုပ်မယ့်ကိစ္စ အားလုံးပြောပြလို့ ကုန်မှာမဟုတ်ပါဘူး။ ကျွန်တော်လုပ်လိုတဲ့ ခံယူချက်၊ ယုံကြည်ချက်များကို အတိုချုံ့တင်ပြပါမယ်။
အမြော်အမြင်ကြီးစွာဖြင့် ရေးသားအတည်ပြုခဲ့ကြတဲ့ ပညာရှင်များရဲ့ ခံယူချက်များကြောင့် တော်လှန်ရေးကြီး အောင်မြင်ခဲ့ပြီး လွတ်လပ်တဲ့ ပြည်ထောင်စုကို တည်ထောင်နိုင်ခဲ့ကြတယ်။ လွတ်လပ်မှုအတွက် အသက်ပေး ခဲ့ကြတဲ့ ပုဂ္ဂိုလ်များ၏ ခံယူချက်အပေါ်မှာ နိုင်ငံရေးယုံကြည် ချက်ကို ယထာဘူတကျကျ ဆင်ခြင်၊ သုံးသပ် တည်ဆောက်ခြင်း ဖြစ်တယ်။ လူ့အခွင့်အရေးသည်သာလျှင် လွတ်လပ်မှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းရေးကို ပေးစွမ်းနိုင်မည် ယုံကြည်ပါတယ်။ မိတ်ဆွေပြည်သူတို့၏ ထောက်ခံမှုဖြင့် ကျွန်ုပ်နိုင်ငံတော်သမ္မတ ဖြစ်ခဲ့ပါပြီ။ မိတ်ဆွေတို့ အကူအညီကို ဆက်လက်တောင်းခံလိုပါတယ်။ ကျွန်ုပ်သည် ပုထုဇဉ်လူသားဖြစ်သ ဖြင့် အမှားရှိနိုင်ပါတယ်။ အမှားရှိခဲ့လျှင် အမှန်ရောက်အောင် ပြုပြင်ပေးပါ။ အမှန်လုပ်သည်ကိုပင် အချို့က မှားသည်ဟု စွပ်စွဲကောင်းစွပ်စွဲကြပါ မည်။ ကျွန်ုပ်မှန်လျင် ကျွန်ုပ်ဘက်မှ ရပ်တည်ပေးကြစေလိုပါတယ်။ ကျွန်ုပ် ကတိပေးနိုင်တာကတော့ ကျွန်ုပ်ဖြောင့်မတ်စွာ လုပ်ဆောင်ပါ့မယ်။ ကျွန်ုပ်ကို ထောက်ခံသူရော ကန့်ကွက်သူများကိုပါ တိုင်းသူပြည်သားအား လုံး၏လွတ်လပ်မှု၊ ပျော်ရွှင်မှုကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပါမယ်ဆိုတာပါပဲ။ တိုင်းပြည်သမ္မတအနေနဲ့ ဆောင်ရွက်ရာမှာ မိတ်ဆွေများရဲ့ ပံ့ပိုးမှုလို အပ်ပါတယ်။ မိတ်ဆွေများအနေနဲ့ ကျွန်ုပ်ထက်၊ သမ္မတအဖြစ် ပိုမိုသင့်တော်မည့်သူရှိပါက ကျွန်ုပ်အနေနဲ့ နေရာပေးရန် အသင့်ရှိကြောင်းကိုပါ ထပ်လောင်း ပြောကြား လိုပါတယ်။ ဤစင်္ကြာဝဋ္ဌာမှာ ပြည်သူများအား ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်ရေးပေးနိုင်မည့် တန်ခိုးအာဏာများ ရရှိနိုင်စေကြောင်း ဆုတောင်းပါတယ်'' လွန်ခဲ့သော နှစ် ၂၀၀ ကျော်က သမ္မတ သောမတ်ဂျက်ဖာဆင်ရဲ့ နိုင်ငံရေးအတွေးအခေါ်များ ယနေ့တိုင် စံပြုနေရဆဲ ဖြစ်တယ်။ ခေတ်စနစ်တွေပြောင်းခဲ့ပေမယ့် မှန်ကန်မှုကတော့ ပြောင်းလဲခြင်းမရှိပါ။ ခေတ်သစ် မြန်မာ့နိုင်ငံရေး ဆောင်ရွက်နေသူများ စံပြု အတုယူနိုင်ကြဖို့ တင်ပြခြင်းဖြစ်ပါတယ်။ Source:FB |
No comments:
Post a Comment