မူလစာမျက်နှာ

Friday, 20 April 2012

ချွေးတွေကို ခါချ လူငယ်ဘဝကို ခေတ္တပြန်ရသော သင်္ကြန်

 
Source:FB
အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်သည် ယခုနှစ် ချောင်းဆုံ သင်္ကြန်၏ အမှတ်တံဆိပ်ဟု ဆိုရမည်ထင်၏။ တဗြီးဗြီးမြည်ဟည်းနေ သော ဆိုင်ကယ်စက်သံကို နေရာ အနှံ့၌ ကြားနေရသည်။ လူနှင့်ဆိုင်ကယ် ပြွတ်သိပ်နေသော နေရာများတွင်မူ ထိုဆိုင်ကယ်စက်သံများမှာ ခေတ်တစ်ခေတ်ထဲမှ အလောတကြီး ရုန်းထွက်နေသည့် အလား။ ဝေ့ကာဝေ့ကာ ရှုပ်ထွေးနေသော နေရာများ၌ ပုံမှန်သွားသင့်သည့် အရှိန်ထက်ပိုပြင်းစွာ။ ”ဘာရယ်တော့ မဟုတ်ပါဘူး။ သူများလုပ်လို့ လျှောက်လုပ်တာ။ ကိုယ့် ဆိုင်ကယ်အသံက ကျယ်တော့ သူများတွေ စိတ်ဝင်စားကြတာပေါ့”ဟု အသက် ၂၁ နှစ် အရွယ်လူငယ်လေးတစ်ဦးကဆိုသည်။
ချောင်းဆုံမြို့သည် မော်လမြိုင်တစ်ဖက်ကမ်းမှ ရေပတ်လည် ဝန်းရံထားသော ကျွန်းတစ်ကျွန်း။ အခြားမြို့များနှင့် ဆက်သွယ်စရာ ရေလမ်းတစ်ခုသာ ရှိသဖြင့် အထီးကျန် မြို့တစ်မြို့ဟု ဆိုနိုင်သည်။ သို့သော် လွန်ခဲ့သော ဆယ်နှစ်ခန့်မှစ၍ ထိုင်းနိုင်ငံနှင့် နေ့စဉ်မပြတ် ထိတွေ့ဆက်ဆံ လာခဲ့ကြသဖြင့် အထီးကျန်ခြင်းဆိုလျှင် ဂလိုဘယ် အထီးကျန်ခြင်းဟု ပြောင်းလဲသမုတ်ရမည် ထင်သည်။
စင်ကာပူနိုင်ငံထက် အနည်းငယ်သာငယ်သော ချောင်းဆုံမြို့ (ဘီလူးကျွန်း)ပေါ်က သင်္ကြန်ပုံရိပ်များသည် မြို့ပြနှင့် ဘာမှမကွာ။  ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီး ကား၊ မြင်းလှည်းနှင့် နွားလှည်းတို့ ကို ဖယ်ပြီးကြည့်လျှင် မြို့ပြသင်္ကြန်ဟုပင် မြင်မိမည်ထင်၏။
လျှပ်စီးလက်သလို ဖျတ်ခနဲ ဝင်းပသွားသော ဗိုက်သားအလှ ယဉ်ကျေးမှုကို သိပ်မတွေ့ရသော်လည်း အပျိုစင်တို့၏ ခါးပေါ်တွင် အမေရိကန်ဖွား ဂျင်းထည်များဖြင့် သာ။ ထော်လာဂျီကို မြင်ရသော်လည်း အနောက်တိုင်းဂီတ၊ အနောက်တိုင်းအကဖြင့် ပျော်ရွှင်စွာ လှပနေခြင်းက အဆန်းတကြယ် မဟုတ်တော့ဟုဆိုလျှင် မမှားတော့ပါ။
ဆိုင်ကယ်မောင်းနေသူက သူ ငယ်ချင်းလား၊ ချစ်သူလားတော့ မသိ။ ဆိုင်ကယ်နောက်တွင် ဂျင်းပင်ဖြင့် ခွထိုက်နေသော ချာတိတ်မ တစ်ယောက်၏ လက်ထဲတွင် ဆင်းဂါး ဘီယာဘူးကို ကျစ်ကျစ်ပါဆုပ် ထားသည်ကိုလည်းတွေ့လိုက်ရသည်။
ယနေ့တိုင် ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ပိပြားနေဆဲချောင်းဆုံဟု ဆိုကြသော်လည်း သင်္ကြန်ကိုမူ ခြွင်းချက်ထားရမည်ဟု ထင်သည်။ မိန်းကလေးနှင့် ဘီယာဘာဆိုင် လို့လဲဟု ပြော၍မရ။ မောင်းလျှင် မမူးနှင့်ဟု ပြော၍မရ။ ဆိုင်ကယ် ကို ဖြည်းဖြည်းမောင်းပါဟု ပြော၍ မရ။ ပြင်းပြင်းထန်ထန် ရုန်းကန်ကြီးပြင်းခဲ့ကြသော လူငယ်တို့၏ သဘာဝ လူကြီးသူမများ၏ရှေ့တွင် ဟုတ်ကဲ့ကောင်း ဟုတ်ကဲ့နိုင်သော်ငြား ပြော၍ဆို၍မရ။ အရာရာကိုသိပြီး အရာရာကို မသိခြင်းသည် ယနေ့ခေတ်လူငယ်များ၏ ဘာသာ စကားဟု ဆိုရမည်လား မသိ။
မျက်စိရှေ့မှာတင် ဆိုင်ကယ်တစ်စီး ခေါက်ခနဲ လဲကျသွားသည်။ ဆိုင်ကယ်၏ကိုယ်ထည်က လူငယ်တစ်ဦး၏ခြေထောက်ပေါ် ပိကျလာသည်။ နံဘေးမှ ဝိုင်းဝန်းထူမမှု များ ဖြင့် ပြန်ထ။ ဘာကိုမှ မဖြစ်ခဲ့သလိုပင် ဝေါခနဲ မောင်းထွက်သွားပုံမှာ အရှိန်ခပ်ပြင်းပြင်းဖြစ်သည်။
”မတတ်နိုင်ဘူး။ ဖြစ်ခါမှ ဖြစ်ရောပဲ။ သူများတွေက ခပ်ပြင်းပြင်းမောင်းတော့ ကိုယ်လည်း လိုက်မောင်းမိရော”တဲ့။ ဦးထုပ်ကို တခြမ်းစောင်း ဆောင်းထားသော အသက် ၂ဝ ကျော်အရွယ် လူငယ်တစ်ဦး၏ အသံနှင့် ဟန်ပန်က မထီမဲ့မြင်မှု အပြည့်။ အမှတ်မထင် ဆိုင်ကယ် ချင်းပွတ်ဆွဲသွားမည့်အရေးများ အပေါ် လူငယ်ဟာ လူငယ်လို့ တော့ကီတွေပွားပြီး အချိန်ကုန်မခံ။ ကိုယ့်လမ်းကိုယ်သွားစနစ်။
”အဘိုးတို့ ခေတ်တုန်းကတော့ လှည်းခေတ်။ ဘုရားပွဲ သင်္ကြန်မှာ လှည်းပေါ်ခင်းထားတဲ့ ကောက်ရိုးတွေကို လုံးပြီး အခြားလှည်းတွေကို ပစ်ကြ၊ လှည်းချင်း ပြိုင်မောင်းကြ။ အန္တရာယ်သိပ်မရှိပေမယ့် မိဘတွေက ဘယ်ကြိုက်မလဲ။ လှည်းမထွက်ခင် လှည်းပြိုင် မမောင်းဖို့ အတန်တန်မှာတာပဲ။ မတတ်နိုင်ဘူး။ သူများပြိုင်တော့လည်း ပြိုင်မိတယ်” ဟု အသက် ၈၅ နှစ်အရွယ် အဘိုးကြီးတစ်ဦးက သူတို့ခေတ် လူငယ်ဘဝကို ပြန်လွမ်းပြ။ ကိုယ်လူငယ်ဘဝတုန်းကလည်း ထို့အတူဆိုတော့ လူငယ်စိတ်ဆိုတာ တစ်မျိုး တည်းရှိပါလား ဟု တွေးမိရပြန်သည်။
မွန်ပြည်နယ် ချောင်းဆုံမြို့ သင်္ကြန်သည် အခြားသောသင်္ကြန် များနှင့်မတူသည့် ဘုရားပွဲသင်္ကြန်။ သင်္ကြန်နေ့အလိုက် ဘုရားပွဲကျင်းပ ရာရွာများဆီသို့ ချီတက်။ ရွာခံများ က ကောင်းမွန်သော ထမင်းဟင်း၊ ကောက်ညင်းမုန့်မျိုးစုံဖြင့် သာမက အကိုကာလသားတို့အကြိုက် ရီဝေ ရောင်များကလည်း ပါလိုက်သေးဆိုတော့ ငွေမကုန်သော သင်္ကြန်။
ရီဝေရောင်များက ဘုရားပွဲ ခေတ်အဆက်ဆက် ပါဝင်ဖွဲ့စည်း ထားသော်လည်း ယနေ့ခေတ်တွင် ပိုမိုအတင့်ရဲလာကြသည်တဲ့။ အတင့်ရဲခြင်း၏အစမှာ ပြီးခဲ့သော ဆယ်စု ခန့်မှ စတင်သည်တဲ့။
ယခင်က လူမြင်ကွင်းတွင် ရီဝေရောင်ပုလင်းများ ခါးကြားထိုး ခြင်း မရှိ။ ယခင်က အိမ်တစ်အိမ် ပေါ် ဟန်ပြတက်၊ တည်ခင်းသော စားသောက်ဖွယ်ရာများကို အနည်း ငယ်စားသောက်ပြီးမှသာ ရီဝေစရာ အမှုများကို ခြံနောက်ဘက်သို့ သွား၍ ဆောင်ရွက်။ ရီဝေခြင်းအမှု ကို မှောင်ခိုလုပ်ငန်းတစ်ခုလို တိတ် တိတ်ဆိတ်ဆိတ် မှောင်ခိုဆောင် ရွက်ရသည်ဟု ချောင်းဆုံမြို့သား အသက် ၅ဝ အရွယ်ရှိ ဆရာတစ်ဦး က ပြောပြသည်။
ယနေ့ခေတ်တွင်တော့ အမျိုးသားများအတွက် စားသောက်ဖွယ်ရာ တည်ခင်းခြင်းထက် ရီဝေရောင် အမှုသည် နံပါတ်တစ်။ ယခင်က လူမြင်ကွင်းရှေ့ ခြေလှမ်းများ ယိုင်ရွဲ့ ခြင်းကို ရှက်ဖွယ်အမှုဟု ထင်မှတ်ခဲ့ ကြသော်လည်း ယနေ့ခေတ်တွင်မူ စတိုင်တစ်မျိုးဟု ယုံမှတ်လာကြသည်။
”နောက်တစ်ခု ဘာကို သွားတွေ့သလဲဆိုတော့ အရင်က ကျွန်တော်တို့ သင်္ကြန်မှာ ကောင်မလေးတွေရဲ့ မျက်နှာကို သနပ်ခါးသုတ်တာမျိုး မရှိဘူး။ အခုကတော့ သနပ်ခါး သုပ်တာ တော်တော်တွင် လာတယ်။ ထိုင်းနဲ့ အဆက်အဆံ များလို့ ထိုင်းကနေ ကူးစက်လာပုံ ရတယ်”ဟု ချောင်းဆုံမြို့က ဆရာ တစ်ဦးက ပြောသည်။
အမှန်တကယ်ပင် ရေပက်သည့် လူငယ်အမျိုးသားတို့၏ လက်ထဲတွင် သနပ်ခါးခွက်ကလေး ကိုယ်စီကိုင်ဆောင် ထားကြသည်။ သူတို့က အမျိုးသားချင်းတော့ မသုတ်။ ချာတိတ်မတို့၏ ပါးပြင်ပေါ်တွင်သာ သနပ်ခါးနံ့များ သင်းထုံလျက်ရှိသည်။ ချာတိတ်မများက ခေါင်းကလေးငုံ့ကာ တိမ်းကာဖြင့်။ သူ့အရပ် သူ့ဇာတ်သည်အလှမပျက်။ အိုးမည်း သုတ်တာမဟုတ်၍ ပြဿနာမရှိ။
ယနေ့ခေတ် ချောင်းဆုံလူငယ် များသည် လွန်ခဲ့သည့် ၁၅ နှစ် ဝန်းကျင်ခန့်က လူငယ်များကဲ့သို့ လူငယ်တစ်ယောက်၏ လွတ်လပ်ခြင်း အရသာကို မခံစားရ။ သူတို့၏ လူငယ်ဘဝကို ခေတ်၏ကျပ်တည်း လှသော စားဝတ်နေရေးဘဝက ဝါးမျိုပစ်လိုက်သည်။
အရွယ်ရောက်ပြီဆိုတာနဲ့ ချစ်ခင်ဖွယ်ရာ ဇာတိမြေကို စွန့်ခွာ၍ ထိုင်းနိုင်ငံသို့ ထွက်ခွာ၊ ငွေရှာရသည်။ ချောင်းဆုံ၏ လူနေမှုဘဝ ဖွံ့ဖြိုးမှုသည် မည်သူတစ်ဦးတစ်ဖွဲ့၏ ပံ့ပိုးမှုမပါ။ သူတို့၏ချွေးမှရသော ငွေဖြင့်သာ ချောင်းဆုံသင်္ကြန်သည် ဖွံ့ဖြိုးမှုနှင့် ထပ်တူ ရက်ရောသော သဒ္ဓါတို့ဖြင့် ပို၍ စည်ပင်လာသည်။
သို့သော် ချောင်းဆုံသင်္ကြန်၏ အတွင်းသားအလှသည် မပြောင်း။ တစ်နှစ်မှတစ်ခါ ရရှိသော သူတို့၏ လူငယ်ဘဝ သူတို့ အစွမ်းကုန်ပျော် ရွှင်နေကြသည်မှာ သဘာဝကျ သည်။
လင်းဆက်ငြိမ်းချမ်း

No comments:

နေ့မှာ