ဇူလိုင် (၁၅)၊ ၂၀၁၁။
မိုးမိုးကျော် (Arakan Review)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်နေကြသော မဲဆောက်ရောက် ရခိုင်သူ/သားများ၏ စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲကို ရခိုင်သက္ကရာဇ် ၁၃၇၃ – ခုနှစ် ၀ါဆို လပြည့်နေ့၊ ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်၊ ယနေ့ နံနက်ပိုင်းတွင် ပြုလုပ် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုပူဇော်ပြီး ဖွင့်လိုက်ခဲ့ကြပါသည်။ အဆိုပါ ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို မဲဆောက်ရောက် ရခိုင်သူ/ရခိုင်သား စုစုပေါင်း (၁၀၀) ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရှိရပါသည်။ မဲဆောက်ရောက် ရခိုင်သံဃာတော်များကို ပင့်ဖိတ်ပြီးတော့ ၀ါဆိုသင်္ကန်းများကို ကပ်လှူပူဇော်ခဲ့ကြပါသည်။
အခမ်းအနားသို့ တက်ရောက်ခဲ့သော ရခိုင်သားတဦး၏ ပြောပြချက်အရ “ကျွန်တော်တို့ မိဝေး ဖဝေးနဲ့ အလုပ် လုပ်ကိုင်နေရာတဲ့ ထိုင်းနိုင်ငံမှာ ဒီနေ့လို ကုသိုလ်လဲ ယူနိုင်၊ တခြားတခြား မဲဆောက်မှာနေကြတဲ့ ရခိုင်လူမျိုးတွေအနေနဲ့လည်း ဆုံတွေ့ခွင့် ရတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။” ဟု ပြောပြခဲ့ပါသည်။
အလှူပွဲကျင်းပနိုင်ဖို့ ဦးဆောင်ဦးရွက်လုပ်တဲ့ ကိုအောင်အောင်ကလည်း “ကျွန်တော်တို့ မဲဆောက်ရောက် ရခိုင်တွေ စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို ဆက်တိုက် ကျင်းပလာတာဟာ (၇) နှစ်လောက် ကြာပါပြီ။ ဒီလိုကျင်းပတာဟာ တဖက်က ကုသိုလ်လည်း ယူနိုင်ကြသလို၊ နေရာဒေသ အသီးသီးက ရခိုင်တွေ တဦးနဲ့ တဦး ရင်းနှီး ကျွမ်းဝင်ခွင့်တွေလဲ ရလာကြပါတယ်။ တခြား စုပေါင်း အလှူပွဲတွေ၊ ရိုးရာယဉ်ကျေးမှုပွဲတွေကိုလည်း ကျင်းပနိုင်ဖို့ ကြိုးပမ်း သွားမှာပါ။” ဟု ပြောပြခဲ့ပါသည်။
Source:arakanreview