မူလစာမျက်နှာ

Monday, 13 June 2011

မန္တလေး နေအိမ် ၅ လုံး မီးလောင်

 မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ရှမ်းတောင်ရပ်ကွက် သီတာအေး ကွက်သစ်၌ တနင်္လာ နေ့လယ်တွင် လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

၇၈ လမ်းအတွင်း စံပယ်လမ်းနှင့် နှင်းဆီလမ်းထောင့်နေ ဦးအောင်ဆွေဦး၏ ပေ ၂ဝ x ၄ဝ သွပ်မိုးနှင့် ပျဉ်ကာ ၂ ထပ်အိမ် အပေါ်ထပ်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ နေ့လည် ၁၂ နာရီခန့်တွင် မီးစတင်လောင်ခဲ့ခြင်း
 ဖြစ်သည်။

“အဲဒီနားက နည်းနည်းစိပ်တယ်လေ။ တအိမ်နဲ့တအိမ် ကပ်ကပ်နေတာကိုး။ များသောအားဖြင့် ထရံတို့၊ သစ်သားတို့ ပျဉ်ထောင်ပေါ့။ တိုက်ဘက်တွေကို မကူးလိုက်ဘူး” ဟု ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ မြို့ခံတဦးက မဇ္ဈိမကို
 ပြောသည်။ မီးသတ်ကား ၁၀ စီးထက်မနည်း လာရောက်ခဲ့ကာ၊ မီးလောင်ချိန် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၃၅ သိန်းကျော် ရှိကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာန စာရင်းများအရ သိရသည်။

မီးသင့်နေအိမ် ၅ လုံးမှ အိမ်ထောင်စု ၅ စု (အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၂၅ ဦး) ကို ရှမ်းတောင်ရပ်ကွက်
 အောင်တော်မူ ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်၍ ထားရှိသည်။

ဇွန်လအတွင်း မြန်မာနိုင်ငံတွင် ကရင်ပြည်နယ် (မြဝတီ)၊ ရှမ်းပြည်နယ် (ညောင်ရွှေ၊ ရပ်စောက်)၊ စစ်ကိုင်းတိုင်း (ကလေး)၊ ရန်ကုန်တိုင်း (ဗဟန်း၊ လှိုင်သာယာ)၊ နေပြည်တော် (ရေဆင်း၊ ပျဉ်းမနား)၊ မန္တလေး (ချမ်းမြသာစည်၊ ချမ်းအေးသာဇံ) တို့၌ မီးလောင်မှုများ ဖြစ်ပွားခဲ့သေးသည်။

Soruce:mizzimaburmese

No comments:

နေ့မှာ