လူထုလှုပ်ရှားမှု နှစ် ၂ဝ ပြည့်နေ့ဖြစ်သော ၂ဝဝ၈ သြဂုတ် ၈ ရက်နေ့တွင် တောင်ကုတ်-ရန်ကုန်၊ တောင်ကုတ်-သံတွဲ ကားလမ်းများနှင့် မြို့ပေါ်တွင် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်များ ဖြန့်ဝေခဲ့သူ ဒေသခံ မနီနီမေမြင့်၊ ကိုမောင်မောင်သက်၊ ကိုချစ်မောင်မောင်၊ ကိုမိုးနိုင်စိုးနှင့် ကိုသန်းလွင်တို့ ပြစ်ဒဏ်စေ့သဖြင့် လွတ်လာကြောင်း ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဆိုအရ သိရခြင်း ဖြစ်သည်။
“သူတို့ ၅ ယောက်လုံး တရက်တည်း လွတ်လာကြတာပါ။
နိုင်ငံရေး အကျဉ်းသား ၁၃ ဦး ရှိနေသေးသည့် ဘူးသီးတောင်ထောင် (photo:: Narinjara)
ဗူးသီးတောင်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၈ ဦး ရှိခဲ့ရာ၊ ယခု ၅ ဦး လွတ်လာသဖြင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ ကိုဋ္ဌေးကြွယ် အပါအဝင် ၁၃ ဦး ကျန်ရှိနေသေးသည်ဟု AAPP က ပြောသည်။
သူတို့ ၅ ဦးကို လူစုလူဝေးဖြင့် ဆန္ဒပြမှု ပုဒ်မ ၁၄၃ နှင့် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တို့ဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခဲ့သည်။ မူလက သံတွဲထောင်တွင် ထားရှိရာမှ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို အကျဉ်းထောင်ထဲတွင် ပြုလုပ်ခဲ့သဖြင့် ဗူးသီးတောင်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။
နိုင်ငံတဝှန်းတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၈၉ ဦး ရှိသည်ဟု AAPP က ဆိုသည်။
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးသည် ဦးစားပေးလုပ်ငန်းအဖြစ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်အပြီး ထုတ်ဖော်ပြောဆိုထားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်မူ နိုင်ငံရေးအကျဉ်းသား ၆ဝဝ ကို တဦးချင်းအလိုက် ကူညီပံ့ပိုးနိုင်ရန်အတွက် NLD က စေတနာ့ဝန်ထမ်း တဦးကျစီ မဲနိုက်ရွေးချယ်ခြင်းများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံကို လက်ရှိအုပ်ချုပ်နေသည့် စစ်အစိုးရက နိုင်ငံရေးအကျဉ်းသား မရှိကြောင်းနှင့် တည်ဆဲဥပဒေကို ချိုးဖောက်သူများကိုသာ ဖမ်းဆီးခြင်းသာရှိကြောင်း ငြင်းဆိုလေ့ရှိသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန်နှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပြီး၊ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက လျစ်လျူရှုကာ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။
Source:mizzimaburmese
No comments:
Post a Comment