မူလစာမျက်နှာ

Thursday, 10 February 2011

ဓါးပြကို ခုခံရန် လက်နက် ပြုလုပ်သူ ကျေးရွာသား ဖမ်းဆီးခံရ

2/10/2011
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျေးရွာတစ်ခုမှ ဓါးပြရန်ကို ခုခံရန် လက်နက်များ ပြုလုပ်သူ ရခိုင်အမျိုးသား တစ်ဦးကို နစက တပ်ဖွဲ့ဝင်များက လက်နက်များနှင့် အတူ ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူမှာ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း အထက် ကျွဲကော်မော်ကျေးရွာမှ ဦးမောင်ငြိမ်း (ခေါ်) ဦးထွန်းလှ အသက် (၅၀)နှစ်ဖြစ်သည်။

ကျေးရွာသား တစ်ဦးက “ နစကတွေ သတင်းရသွားပြီး သူထံမှ ရှစ်လက်မ အရှည် လုပ်သေနတ် တစ်လက်၊ နှစ်ပေရှည် လုပ်သေနတ် တစ်လက်၊ သုံးပေရှည် တိုမီး ယမ်းထောင်း သေနတ်တစ်လက်၊ သုံးပေရှည်သည့် ကျည်လုပ်ရာမှာ အသုံးပြုတဲ့ ယမ်းလိပ်တစ်ခုနဲ့ ကိုးမမကျည် တစ်တောင့် တို့ကို သူဆီက ဖမ်းဆီးရသွားခဲ့ပါတယ်” ဟု ပြောသည်။

ဦးမောင်ငြိမ်းအား နစက နယ်မြေ (၉) လက်အောက်ခံ စခန်းအမှတ် ၂၆ မှ ဒုရဲအုပ် အောင်သိန်းဦးနှင့် အဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်နက်များမှာ ရွာသားများက ဓါးပြရန်ကို ကာကွယ်ရန် စုပေါင်း ပြုလုပ်ထားသော လက်နက်များဖြစ်ကြောင်း သူက နိရဉ္စရာကို ယခုကဲ့သို့ ဆက် ပြောသည်။

“အဲဒီ နစက လာဖမ်းသွားခဲ့တဲ့ လက်နက်တွေဟာ အဖမ်းခံလိုက်ရတဲ့ လူတစ်ဦးတည်းနဲ့ မသက်ဆိုင် ပါဘူး။ တရွာလုံးနဲ့ကို သက်ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တရွာသားလုံးက သေနတ်တွေကိုင်ပြီး လာတိုက်တဲ့ ဓါးပြတွေကို ခုခံကာကွယ်နိုင်ဖို့ အဲဒီ လက်နက်တွေကို စုဆောင်းခဲ့ကြတာဖြစ်ပါတယ်။ ဓါးပြတွေကလဲ ဒီနယ်စပ်သေ ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင် မြို့နယ်တွေမှာ တနေ့တခြား ဆိုးသထက် ဆိုးလာနေပါတယ်။ ကျွန်တော်တို့ရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်နိုင်ဖို့ အဲဒီလက်နက်တွေကို ကျွန်တော်တို့ ရွာသားတွေ ပေါင်းပြီး ပြင်ဆင်ထားခဲ့ကြတာ ဖြစ်ပါတယ်။”

ဦးမောင်ငြိမ်းကို နစက စခန်းအမှတ် (၂၆) တွင် ထိန်းသိမ်း စစ်ဆေးနေခြင်းကြောင့် နစကများအပေါ် ရွာသားများက အထူးမကျေမနပ် ဖြစ်နေကြကြောင်း သိရှိရသည်။

“သူ့ကို လက်နက်တွေနဲ့ အတူ ဖမ်းသွားတာကြောင့် ကျွန်တော်တို့ ရွာသားတွေက နစကတွေ အပေါ် လုံးဝမကျေနပ်ကြဘူး။ ကျွန်တော်တို့ မြို့နယ်ထဲမှာ နစကရော၊ စစ်တပ်ရော၊ ရဲရော လက်နက်ကိုင် တပ်ဖွဲ့ ပေါင်းစုံ တပ်စွဲရှိကြပါတယ်။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ရဲ့ အသက်အိုးအိမ်တွေကို ကာကွယ် စောင့်ရှောက်မှု မပေးနိုင်ကြပါဘူး။ ဒါကြောင့် ကိုယ့်လက်နက် ကိုယ်လုပ်ပြီး ကာကွယ်ဖို့ ကျေးရွာသားတွေ ကြိုးစားတော့လည်း ဖမ်းတယ်။ ကျွန်တော်တို့မှာ ဆုတ်လည်းဆူး၊ စားလည်း ရူး အဲသလို အနေအထားမျိုး ဖြစ်နေပါတယ်” ဟု သူက ပြောသည်။

လွန်ခဲ့တဲ့ ဇန္န၀ါရီလဆန်းပိုင်းက ဓါးပြများသည် ကျွဲကော်မော် ကျေးရွာကို ဓါးပြများ ၀င်တိုက် သွားခဲ့ပြီးနောက် ကျေးရွာသားများ မခံမရပ် ဖြစ်လာကြပြီး ဓါးပြများကို လက်စားချေရန် လက်နက်များ စုဆောင်းစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဒေသခံ အရပ်ဘက်သတင်းများ၏ အဆိုအရ ရခိုင်ပြည်နယ် နယ်စပ်ဒေသများ ဖြစ်ကြသည့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့နယ်များတွင် ဓါးပြတိုက်မှုများ စိုးရိမ်ဖွယ်ရာ တိုးပွားလာနေသဖြင့် ထိုဒေသများအတွင်းရှိ လူနည်းစု ကျေးလက်တောရွာ အများစုမှာ ပြိုပျက် သွားရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

Source:narinjara

No comments:

နေ့မှာ