မူလစာမျက်နှာ

Thursday, 3 February 2011

ပိတ်ဆို့ ဒဏ်ခတ်မှု ရုပ်သိမ်းရန် အချိန်စောသေးဟု ကာ့တ် ကမ်းဘဲလ်ပြော

မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် အာဆီယံအဖွဲ့က တောင်းဆို နေချိန်တွင် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် က  ရုပ်သိမ်းရန် အချိန်စော သေး သည်ဟု ယမန်နေ့က ပြောဆိုလိုက်သည်။

Kurt_Campbell_and_Suu_Kyi400
၂၀၁၀ မေလက မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးနေသည့် ကာ့တ် ကမ်းဘဲလ် (ယာ)။ ဒေါ်အောင်ဆန်းစုကြည် ၏ ၀ဲ ဘက်တွင်ရှိနေသူမှာ ရန်ကုန် အမေရိကန် သံရုံးမှ လယ်ရီ ဒင်းဂါး ဖြစ်သည်။ (ဓာတ်ပုံ - Reuters)
မစ္စတာ ကာ့တ်ကမ်းဘဲလ် က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ နိုင်ငံခြားသတင်းစင်တာတွင်ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို စစ်အစိုးရ က တရားဝင် နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုသည်အထိ အမေရိကန်အစိုးရအနေဖြင့် ဆက်လက်ဖိအားပေးသွားမည် ဖြစ် ကြောင်းလည်း ပြောဆိုသည်။

“မြန်မာ့ ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ စိတ်ပျက်မိသလို မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်နေဆဲပါ။ မကြာခင် ပေါ်ထွက်လာမယ့် အစိုးရအသစ်ရဲ့ခြေလှမ်းတွေကိုလည်း ကျနော်တို့ စောင့်ကြည့်နေပါတယ်”ဟု မစ္စတာ ကာ့တ် ကမ်းဘဲလ် က ပြောသည်။

စစ်အစိုးရ ၏ ပြီးခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲအား အမေရိကန် အစိုးရအနေနှင့် စိတ်ပျက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကြိုဆိုကြောင်း၊ အိုဘားမားအစိုးရနှင့် စစ်အစိုးရကြားထားရှိသည့် တိုက်ရိုက် ထိတွေ့ဆက်ဆံရေး မူဝါဒသည်လည်း အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း ကာ့တ် ကမ်းဘဲလ် က ပြောဆိုသည်။

မစ္စတာ ကာ့တ် ကမ်းဘဲလ် သည် မြန်မာနိုင်ငံသို့ ၂၀၁၀ ပြည့် မေလ က ဒုတိယ အကြိမ်အဖြစ် ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင်လည်း တကြိမ်လာရောက်ခဲ့ကာ နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။
Source:irrawaddy

No comments:

နေ့မှာ