ကရင်နီပြည် လွိုင်ကော်မြို့ အထက-၂ ကျောင်းမှ ရှစ်တန်းနှင့် ကိုးတန်း စာမေးပွဲကို ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် စတင်မှာ ဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့ပါ ဖြေဆိုမည် ဖြစ်သည့်အတွက် မိဘဆရာအချို့ သဘောမတူဖြစ်နေကြသည်ဟု သိရသည်။ “ရှစ်တန်းနဲ့ ကိုးတန်း အတန်းတင် စာမေးပွဲက စနေရော တနင်္ဂနွေပါ စာမေးပွဲ ဖြေနေရတယ်။ အခု ဆယ်တန်းကျောင်းသူကျောင်းသားတွေလည်း pre-test တွေ ဖြေပြီးတော့ အခြေနေ သိပ်မဟန်တဲ့ ကျောင်းသူကျောင်းသားတွေကို မဖြေခိုင်းဘူးလို့ အထက (၂) ကျောင်းအုပ်ဆရာမကြီးက ပြောတယ်။ ဒါတွေလည်း ကျောင်းသူကျောင်းသားတွေရဲ့ မိဘတွေက ကန့်ကွက်နေကြတယ်” ဟု လွိုက်ကော် အထက-၂ မှ ကျောင်းသားမိဘတဦးက ပြောသည်။
စာမေးပွဲ အချိန်ဇယားကို စနေနေ့နှင့် တနင်္ဂနွေနေ့တို့ပါ ရေးဆွဲထားသည့်အတွက် အခန်းစောင့်ရမည့် ကျောင်းဆရာ၊ ဆရာမများကလည်း သဘောမတူ ဖြစ်နေကြသည်ဟု ကျောင်းဆရာတဦးက ပြောသည်။
ယခုလို စနေနှင့် တနင်္ဂနွေနေ့တို့ပါ စာပေးပွဲ ဖြေဆိုရန် စီစဉ်မှုများသည် ခရစ်ယာန် ဥပဒေနှင့်လည်း ဆန့်ကျင်ကြောင်း လွိုင်ကော်မှ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တဦးက ပြောပါသည်။
၎င်းက “တချို့ခန့်မှန်းပြီး ပြောဆိုနေတာက ခရစ်ယာန် အများစု နေထိုင်တဲ့ ကရင်နီပြည်ကို တမင်တကာ လုပ်နေတယ်လို့ဆိုပဲ။ အတိအကျတော့ ပြောလို့ မရဘူး။ ကျောင်းသူကျောင်းသားတွေလည်း အဲဒီအချိန်ဇယားကို သဘောမကျကြဘူး။ ခရစ်ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ဘာသာရေး ခေါင်းဆောင်တွေက ပြောဆိုနေကြတယ်” ဟု ပြောသည်။
လွိုင်ကော်မြို့ရှိ အလယ်တန်းနှင့် မူလတန်းကျောင်း စာမေးပွဲကို ယခုလ ၂၂ ရက်နေ့မှ စပြီး ဖြေဆိုပေးလျက်ရှိသည်။
Source: ktimes

No comments:
Post a Comment