မူလစာမျက်နှာ

Wednesday, 16 February 2011

ရေနက်ဆိပ်ကမ်း လုပ်သားအရေး ပြေလည်မှုရရှိ

  လစာတိုးရေးနှင့် အခွင့်အရေးအချို့အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြသည့် တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်းရှိ အီတာလျံ-ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီမှ မြန်မာလုပ်သား ၉၆ ဦးကိစ္စ ပြေလည်ပြီဟု ထားဝယ်ခရိုင် (ခယက) ဥက္ကဋ္ဌ ဦးလှမျိုးက ပြောသည်။

အလုပ်သမားများက တနေ့အလုပ်ချိန် ၁ဝ နာရီအတွက် လုပ်ခ ၃၅ဝဝ ကျပ် ရရှိရာမှ အလုပ်ချိန် ၈ နာရီနှင့် လုပ်ခ ၅ဝဝဝ ကျပ် ရရှိရေး တောင်းဆိုခဲ့သဖြင့် ကုမ္ပဏီနှင့် အလုပ်သမားများအကြား ထားဝယ်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ခယက) က ကြားဝင်ညှိနှိုင်းပေးရာမှ ပြေလည်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

“ကိုယ်တို့ ဆောင်ရွက်လိုက်တဲ့အချက်ကို ကုမ္ပဏီ အထက်ဌာနလူကြီးတွေကလည်း သိသွားတယ်။ သိသွားတာ ဖြစ်တဲ့အတွက် သိတဲ့အတိုင်းပဲ ပေးဖို့ဆိုပြီး ပြောပါတယ်။ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်တဲ့အတွက် နှစ်ဖက်စလုံး ပြေလည်အောင်ပါ။ မြန်မာအလုပ်သမားတွေအတွက်က ထိုက်တန်တဲ့ အခွင့်အရေးရရှိဖို့ ကိုယ်က ဒေသဆိုင်ရာ အာဏာပိုင်တယောက်အနေနဲ့ ဝင်ရောက်ညှိနှိုင်းတာပါ” ဟု ခယက ဥက္ကဋ္ဌ ဦးလှမျိုးက မဇ္ဈိမကို ပြောသည်။

မြန်မာလုပ်သား ၁ဝဝ ခန့် ရှိသည့်အနက် ၆၉ ဦး ယာယီ အလုပ်နားခဲ့ခြင်း ဖြစ်သည်။ လုပ်သားများ တောင်းဆိုချက်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုမ္ပဏီရုံးချုပ်က ယခုလ ၈ ရက်နေ့တွင် သဘောတူခဲ့သော်လည်း ယခုထိ တရားဝင် မကြေညာသေးသဖြင့် လုပ်သား ၁ဝ ဦးသာ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြသည်။

နှစ်ဖက်ပြေလည်မှု ရရှိပြီဖြစ်သော်လည်း တရားဝင်ဖြစ်ရေး စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဆိပ်ကမ်းအာဏာပိုင်တဦးနှင့် လုပ်သားတဦးကလည်း မဇ္ဈိမကို အတည်ပြု ပြောဆိုကြသည်။ တရက်လျှင် အလုပ်ချိန် ၈ နာရီဟု သဘောတူစာချုပ်တွင် ပါရှိသော်လည်း နောက်ပိုင်းတွင် ၁ဝ နာရီအထိ တိုးမြှင့်လာခဲ့သည့်အပေါ် အလုပ်သမားများက မကျေမနပ်ဖြစ်ရာမှ ဆန္ဒပြမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အလုပ်ချိန်နှင့် လုပ်ခတိုးရေးသာမက တနင်္ဂနွေနေ့ အလုပ်ဆင်းပါက လုပ်ခနှစ်ရက်စာ ပေးရန်ပါ တောင်းဆိုခဲ့သည်။

ကုမ္ပဏီတွင် ထိုင်းလုပ်သားများပါ လုပ်ကိုင်လျက်ရှိရာ ၎င်းတို့က တနေ့လျှင် ထိုင်းဘတ်ငွေ ၁၇၄ (ကျပ် ၅၂၂ဝ ခန့်) မှ ၂ဝဝ (ကျပ် ၆ဝဝဝ ခန့်) အထိ ရရှိပြီး၊ မြန်မာများက ဘတ် ၁ဝဝ (ကျပ် ၃ဝဝဝ ခန့်) ရရှိသည်။

အလုပ်သက်တမ်း ရက် ၄ဝ ပြည့်ခဲ့သည့် မြန်မာများသည် ၂၅ ရက်စာသာ လုပ်ခရရှိပြီး၊ ၁၅ ရက်စာကို စပေါ်ငွေအဖြစ် ကုမ္ပဏီဘက်က သိမ်းဆည်းခံထားရသဖြင့် ၅ ရက်စာသာ ထားရှိပေးရန်လည်း မြန်မာအလုပ်သမားများက တောင်းဆိုထားကြသေးသည်။

“နှစ်ဦးနှစ်ဖက်စလုံးကတော့ လိုချင်တာနဲ့၊ ပေးတဲ့သူကလည်း မပေးချင်တာနဲ့ အဲဒီကြားမှာ တော်တော်လေး ဖြေရှင်းဆောင်ရွက်ပေးရပါတယ်။ ကုမ္ပဏီဘက်ကလည်း သက်ဆိုင်ရာ နယ်မြေကနေတဆင့် အကြောင်းပြန်ပါတယ်။ ဆောင်ရွက်ပေးဖို့ ဆက်လက်တင်ပြထားပါတယ်တဲ့၊ ဆောင်ရွက်ခွင့်လည်း ပြုလိုက်ပါလို့ သိရပါတယ်” ဟု ခရိုင် ဥက္ကဋ္ဌ ဦးလှမျိုးက ပြောဆိုသည်။

အီတာလျံ-ထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီဘက်မှ အချက်အလက်အချို့ သိရှိရန်အတွက် ကုမ္ပဏီ စီမံကိန်းမန်နေဂျာ မစ္စတာ Surin ထံ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ထိုင်း-မြန်မာ သဘာတူစာချုပ်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်၌ ချုပ်ဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန် ဖြစ်သည်။

၎င်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းတွင် တောင်ပိုင်းနှင့် မြောက်ပိုင်း ဆိပ်ကမ်းဟူ၍ နှစ်ခုရှိပြီး၊ ဆိပ်ခံတံတား ၂၂ ခု၌ တန်ချိန် ၂ဝ,ဝဝဝ မှ ၅ဝ,ဝဝဝ ရှိ သင်္ဘောစင်းရေ ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်မည်။

မြန်မာအလုပ်သမားများသည် ဆိပ်ကမ်း ဆောက်လုပ်ရေးတွင် လက်သမား၊ ပန်းရံ စသည့် အလုပ်များတွင်သာ လုပ်ကိုင်နေခြင်း ဖြစ်သည်။
Source:mizzimaburmese

No comments:

နေ့မှာ