မူလစာမျက်နှာ

Wednesday, 23 February 2011

သီးညီနောင်က မြန်မာကလေးငယ်တို့အတွက် ယဉ်ကျေးမှုအက အခမဲ့သင်ပြီ


မိုးမခရွာဆော်ကြီး
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၁
သီးလေးသီးအဖွဲ့ရဲ့ လူရွှင်တော်တဦးဖြစ်တဲ့ ကြယ်သီးက ချင်းမိုင်နေအိမ်မှာ မြန်မာကလေးသူငယ်များအတွက် ယဉ်ကျေးမှု အကသင်တန်းကို အခမဲ့ စတင် ပို့ချနေပြီလို့ ပြောလိုက်ပါတယ်။ သူတို့ရဲ့ သီးညီနောင်ဘလောဂ့်မှာ တင်ထားတာအရ စနေနေ့ နေ့ခင်း ၁၁ နာရီက စပြီး သင်ပေးနေတယ်။ အခမဲ့ ဖြစ်တယ်။ င်္ပြီးတော့ ၂ လ ၃ လနဲ့ အပြတ် သင်ပေးမယ်လို့ ဆိုထားပါတယ်။ http://theelaytheet4t.blogspot.com/

          ရည်ရွယ်ချက်ကတော့ နယ်စပ်ဒေသကို ဖြတ်ကျော်ရောက်ရှိနေတဲ့ ရေခြား မြေခြား တိုင်းတပါးရောက် မြန်မာကလေးသူငယ်ကလေးတွေရဲ့ ကိုယ် စိတ် နှလုံး သုံးပါးလုံးမှာ ကြမ်းတမ်းမှုတွေ၊ ပင်ပန်း ဆင်းရဲမှုတွေ၊ ပတ်ဝန်းကျင်ရဲ့ မတူညီတဲ့ ဖိအားတွေ ခံစားနေရတဲ့ အချိန်မှာ မြန်မာ့ရိုးရာ ဂီတ၊ အက၊ အနုပညာနဲ့ နူးညံ့ သိမ်မွေ့ ပျော်ရွှင်မှု ရအောင်၊ ဘ၀အမောတွေကို အနုပညာကို ခံစား သက်ဝင်ပြီးတော့ ပြေပျောက်သွားအောင် ဆန္ဒမွန်နဲ့ ပြုလုပ်တာ ဖြစ်တယ်လို့ ကိုကြယ်သီးက ပြောပြပါတယ်။
          “အရွယ်မရောက်သေးသူတွေကော၊ အရွယ်ရောက်သူတွေပါ မြန်မာအလှ အက အနုပညာဆိုတာ စည်းနဲ့ ၀ါးနဲ့ ကရတယ်။ မိမိခံစားချက်တွေ ပတ်ဝန်းကျင်က ခံစားချက်တွေကို အနုပညာနဲ့ မည်သို့မည်ပုံ ဖော်ကျူး ထုတ်ဖော်လို့ ရတယ်။ ရင်ဖွင့်ပြီးတော့ ခံစားခွင့် ရရှိတယ် ဆိုတာကို ပြချင်တယ်။ တိုင်းပြည်တိုးတက်ပြောင်းလဲရေး ရုန်းကန်လှုပ်ရှားနေချိန်မှာ အနုပညာရှင်တွေကလည်း တတ်စွမ်းနိုင်သမျှကနေ အားပေးကူညီင်္တယ်ဆိုတာ လက်တွေ့ တလှမ်းချင်း လှမ်းကြတဲ့ သဘောပါ”
          လို့ သူက ပြောလိုက်ပါသေးတယ်။
           မိုးမခရဲ့ မိတ်ဆွေ အရှေ့ဥရောပနိုင်ငံသားတဦးက အဲသည်အစီအစဉ်နဲ့ ပတ်သက်ပြီး သူ့အတွေ့အကြုံကို ပြောပြရမှာ …
          “ဟုတ်တယ်ဗျ၊ အရှေ့ဥရောပနိုင်ငံတခုမှာ မွတ်ဆလင်တွေ၊ ခရစ်ယာန်တွေ ဘာသာရေး ပဋိပက္ခတွေဖြစ်ပြီး ခွဲထွက်ရေးတွေ၊ မျိုးတုံး သတ်ဖြတ်ရေးတွေနဲ့ သွေးချောင်းစီးနေချိန်မှာ အဲသည်ရဲ့ မြို့တော်က ပြဇာတ်ရုံတခုက ဗုံးသံ၊ သေနပ်သံတွေ အောက်မှာ ပြဇာတ်တွေ ကပြလေ့ရှိတယ်ဗျ။ လက်ဖြောင့်သေနပ်သမားတွေက လမ်းပေါ်မှာ မည်းမည်းမြင် ပစ်သတ်နေချိန်မှာ မြို့တော်ထဲမှာ ပိတ်မိနေတဲ့ ဒါးစာခံပြည်သူလူထုကြီး အားလုံး၊ ခရစ်ယာန်တွေ၊ မွတ်ဆလင်တွေ အားလုံးနော် … အဲသည်ပြဇာတ်ပြချိန်ဆိုရင် အသက်စွန့်ပြီး မရောက်ရောက်အောင် သွားကြည့်ကြတယ်တဲ့။  စိတ်သက်သာရာ ရကြောင်း အပမ်းဖြေကြရသတဲ့။ အဲသည်က ပြဇာတ်သမားတဦးက အမေရိကန်က ကဗျာဆရာတယောက်ကို ပြောပြတယ်တဲ့။ သူ အဲသည် စစ်ပွဲကြီးထဲက၊ စစ်တလင်းကြီးထဲက စွန့်ပြီး ထွက်မသွားနိုင်ဘူး တဲ့။ အချိန်တန်လို့ ကျနော်တို့ ကပြဖျော်ဖြေတော့မယ်ဆိုရင် ကျည်ဆံတွေ၊ ဗုံးတွေ ကြားထဲက ၀ပ်လိုက် ပုန်းလိုက်၊ တွားသွားလိုက်နဲ့ အရောက်လာကြည့်တဲ့ ပရိသတ်တွေအတွက် ကျနော် သည် စင်မြင့်ပေါ်မှာ ရှိနေမယ် တဲ့။ မြန်မာအနုပညာရှင်တွေဟာလည်း အဖိနှိပ်ခံ ပြည်သူလူထုကို အနည်းဆုံးတော့ ဘ၀အမောတွေ ပြေအောင်၊ သက်သာအောင် အနုပညာနဲ့ တာဝန်ကျေကြရမှာပေါ့ …”
          လို့ ပြောသွားပါတယ်။
ယာယီအနေနဲ့ အခုတော့ဒီလိပ်စာမှာ သင်နေပါပြီ လို့ သိရပါတယ်။
 13/3 ratuthit road t- watgut; mung-chaingmai;
chaingmai, thailand 50100
Source:moemaka

No comments:

နေ့မှာ