ဦးပိုင် စီးပွားရေး လုပ်ငန်းစုကြီးက ချစ်သူများနေ့ အထိမ်းအမှတ် အနေနဲ့ ဈေးရောင်းပွဲတော် ကျင်းပမယ်တဲ့။
မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် လက်အောက်မှာရှိတဲ့ 547 Trading က နေပြီး ချစ်သူများနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို ၁၀ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကရဝိက် ဥယျာဉ်ကမ္ဘာမှာ ကျင်းပမှာ ဆိုတဲ့ အကြောင်း ဦးပိုင်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးနေဝင်းက ပြောပါတယ်။

အဲဒီ ဈေးရောင်းပွဲတော်မှာ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်က လုပ်ကိုင်နေတဲ့ လုပ်ငန်းအများစုကို ပြည်သူလူထုကို (ဘုရားစူး) ချပြဦးမယ်တဲ့။ ပြီးတော့ ဦးပိုင်လီမိတက်က လွှဲပြောင်းယူထားတဲ့ မြန်မာ့ ကြယ်ငါးပွင့်လုပ်ငန်း၊ ရမ္မာမော်တော်ယာဉ်၊ နောင်ရိုးမော်တော်ယာဉ် လုပ်ငန်းတွေ အပါအ၀င် တခြား လုပ်ငန်း အများစု ကိုလည်း ပြခန်းတွေနဲ့ ခင်းကျင်းပြဦးမယ်လို့ ဆိုပါတယ်။
“ဒီပွဲမှာ ချစ်သူစုံတွဲတွေ လာတဲ့အခါ သူတို့ကို ဂိမ်းလေးတွေ လုပ်ပေးမယ်။ အမှတ်တရ လက်ဆောင်လေးတွေ ဝေမယ်” လို့ 547 Trading က တာဝန်ရှိသူတဦးက ပြောပါတယ် (သြော် နုလိုက်တာ ဦးပိုင်ရယ်)
ချစ်သူများနေ့ အထိမ်းအမှတ်ဈေးရောင်းပွဲ ဘာညာ ဆိုပြီး ဦးပိုင်က ကျင်းပမယ် ဆိုပေမယ့် ဂျာနယ်တွေ မှာတော့ ချစ်သူများနေ့နဲ့ ပတ်သက်ပြီး ပျော်ပွဲရွှင်ပွဲ သတင်းတွေကို ကန့်သတ်တာမျိုး၊ ချစ်သူများနေ့ ဆိုတဲ့ စကာလုံးအစား
Valentine’s Day လို့ပဲ ရေးရတာမျိုးတွေ လုပ်ခိုင်းပါတယ်။
“ဒီပွဲမှာ ဦးပိုင်က သူတို့ထုတ်တဲ့ ပစ္စည်းတွေ အကုန်ထုတ်ရောင်းမှာ။ ကားကနေ လူသုံး ပစ္စည်း အသေးအမွှား လေးတွေအထိ ရောင်းမှာလေ” ၅၄၇ (ချဲဂဏန်းမဟုတ်) ကလူက ပြောသတဲ့။
ဈေးရောင်းပွဲတော် ကာလအတွင်း ချစ်သူများနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာလည်း ဦးပိုင်က ထုတ်တဲ့ ရမ္မာ မော်တော်ကား တစီးကိုလည်း ကံစမ်းမဲ ဖောက်ပေးဦးမှာတဲ့ဗျိုး။
ဦးပိုင်လီမိတက်က ဒီနှစ်ထဲမှာ Gandamar နာမည်နဲ့ Whole Sale market တခုကို ဖွင့်လှစ်သွားဦးမှာ ဖြစ်ပါတယ်။
မြန်မာ့ ကြယ်ငါးပွင့်လုပ်ငန်း၊ လန်းပြီ ပင်လယ်ရေကြောင်းကုမ္ပဏီ လီမိတက်၊ ဗန္ဓုလသယ်ယူပို့ဆောင်ရေး၊ ပါရမီ တက္ကစီလုပ်ငန်း၊ မြဝတီခရီးသွားလုပ်ငန်း၊ နောင်ရိုး မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ ရမ္မာ မော်တော်ယာဉ် လုပ်ငန်း၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်း၊ မန္တလေးရမ် စတဲ့ စတဲ့ လုပ်ငန်းများစွာကို လက်ဝါးကြီးအုပ် ... ယောင်လို့
လုပ်ကိုင်နေတဲ့ ဦးပိုင်ဟာ ... ဘာလို့များ ဖေဖော်ဝါရီ လထဲက ပြည်ထောင်စုနေ့တို့၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ တို့မှာ မလုပ်ဘဲ နိုင်ခြံဂါးက လာတဲ့ နောက်မှပေါ်တဲ့ ချစ်သူများနေ့မှာ ဈေးရောင်းပွဲ လုပ်တာလဲ မသိဘူးနော်။

သြော် ... အမျိုးဂုဏ် ... ဇာတိဂုဏ် ... မျိုးချစ်စိတ် ... ပြည်ချစ်စိတ် ဆိုတာ ဒါမျိုး ထင်ပါရဲ့။
Source:irrawaddyblog
No comments:
Post a Comment