မွန်ပြည်နယ် လွှတ်တော်တွင် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် သဘာပတိအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမတ်များ ယနေ့ တင်မြှောက်ခံရသည်။
ယနေ့မနက် ၈ နာရီ ၅၅ မိနစ်တွင် မော်လမြိုင်မြို့၌ ပြည်နယ်လွှတ်တော် အစည်းအဝေးကို စတင်ခဲ့ရာ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဦးကျင်ဖေသည် လွှတ်တော်ဥက္ကဋ္ဌ၊ ကျိုက်ထို ၁ မှ ဦးဋ္ဌေးလွင်မှာ ဒုဥက္ကဋ္ဌ၊ မုဒုံ ၁ မှ ဦးအုန်းမြင့် (ဗိုလ်မှူးချုပ်ဟောင်း) မှာ သဘာပတိနေရာ ရရှိခြင်း ဖြစ်သည်။
“ဥက္ကဋ္ဌအတွက်က ကြံ့ဖွံ့က အဆိုတယောက် တင်လိုက်တယ်၊ ဦးကျင်ဖေ။ မွန်ဒေသက တယောက် အဆိုပြုတယ်၊ ဒေါက်တာ မင်းနွယ်စိုး။ အဲဒီနှစ်ယောက် မဲနဲ့ ပြိုင်ရတာပေါ့။ ကြံ့ဖွံ့က ၂၄ မဲ ရပြီးတော့၊ မွန်က ၇ မဲ ရတယ်၊ ရှုံးသွားတယ်။ ကြံ့ဖွံ့က ဥက္ကဋ္ဌ ဖြစ်သွားတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP မှ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက မဇ္ဈိမကို ပြောသည်။
ဒုဥက္ကဋ္ဌ နေရာအတွက်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဦးဋ္ဌေးလွင်ကို အဆိုပြုပြီး၊ AMRDP ဘက်က ဒေါက်တာ မင်းနွယ်စိုးကိုပင် ထပ်မံအဆိုပြုသဖြင့် မဲခွဲဆုံးဖြတ်ရာ ၂၃ မဲ၊ ၈ မဲဖြင့် ဦးဋ္ဌေးလွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
မွန်လွှတ်တော် ယနေ့အစည်းအဝေးသို့ လွှတ်တော်အမတ် ၃၁ ဦးစလုံး တက်ရောက်ခဲ့ကာ၊ ကြံ့ဖွံ့က ပြည်နယ်အမတ် ၁၁ ဦးနှင့် လူမျိုးစုကိုယ်စားလှယ် ၃ ဦး၊ AMRDP က ၇ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည က ၂ ဦးနှင့် တပ်မတော်ကိုယ်စားလှယ် ၈ ဦး ဖြစ်သည်။
ယနေ့တွင် ထိပ်တန်း ၃ နေရာအတွက် ရွေးချယ်တင်မြှောက်ခြင်းသာ ဆောင်ရွက်နိုင်ခဲ့ပြီး၊ အစည်းအဝေးကို ပြည်နယ် အေးချမ်းသာယာရေး ပယက ရုံးရှိ ရာမည ခန်းမဆောင်၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
“ဒါပြီးတဲ့အခါ ထူးထူးထွေထွေ ဘာမှမရှိပါဘူး။ နေ့လည်စာစားဖို့ ဘရိတ်လုပ်လိုက်တဲ့အခါကျတော့ အစည်းအဝေးက အဲဒီမှာ ပြီးသွားတယ်။ နောက်အစည်းအဝေးက ဘယ်တော့လဲဆိုတာကတော့ ရက်ချိန်း မပေးလိုက်ကြဘူး။ မနက်ဖြန် မရှိဘူး သေချာတယ်။ နောက်ပိုင်းကတော့ ဝန်ကြီးချုပ်တို့ ဝန်ကြီးတို့ ခန့်မယ်ဆိုတာ သမ္မတ က ခန့်မယ်မဟုတ်လား။ နေပြည်တော်က သမ္မတက ရွေးပြီးလား၊ မပြီးဘူးလား ကျနော်တို့က မသိဘူး” ဟု ဦးနိုင်ငွေသိန်းက ပြောသည်။
AMRDP နယ်ကိုယ်စားလှယ်များမှာ စီစဉ်ထားသည့် မော်လမြိုင်ရှိ အစိုးရပိုင် တည်းခိုရိပ်သာ၌ မနေတော့ဘဲ နေရင်းသို့ ပြန်သွားကြပြီ ဖြစ်သည်။
Source:mizzimaburmese
No comments:
Post a Comment