မူလစာမျက်နှာ

Thursday, 23 December 2010

ကျပ်သန်း ၅၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ တောင်ကုတ်တွင် ဖမ်းဆီးမိ

12/23/2010
ရခိုင်ပြည်နယ် တောင်ကုတ် ဆိပ်ကမ်းတွင် ကျပ်သန်း ၅၀ ခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား အလုံးရေ ၃၀၀၀၀ ကို လွန်ခဲ့သော တနင်္လာနေ့က ဖမ်းဆီးမိခဲ့သည်။


Arakan-Taungup-gate ရိုးလမ်းပေါ်တွင် စိုက်ထူထားသော ဆိုင်းဘုတ်များ
မျက်မြင် ဒေသခံ တစ်ဦးက " ရွှေပြည်တန် အမြန်သင်္ဘောပေါ်က ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ တောင်ကုတ်ကနေ စစ်တွေကို အထွက်မှာ ဆေးပြားတွေကို သယ်ယူ လာတဲ့ သူက သူနဲ့ အတူထိုင်လာတဲ့ အရပ်ဝတ်နဲ့ ရဲသားတစ်ဦးကို မသင်္ကာရာကနေ ကြောက်ပြီး ရေထဲကို ခုန်ချ ထွက်ပြေးသွားတဲ့ အတွက် သူယူလာတဲ့ အိတ်ကို ဖွင့်ကြည့်တဲ့ အခါ ဆေးပြားတွေကို ရဲကတွေ့ရှိတာ ဖြစ်ပါတယ်။ " ဟု ပြောသည်။

ဆေးပြားများကို သယ်ယူလာသူမှာ စစ်တွေမှ ဖြစ်ပြီး ယခုအခါ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ရှောင်တိမ်းနေကြောင်း သိရသည်။

" သယ်ယူလာတဲ့ သူက စစ်တွေက (-----------) ဖြစ်ပါတယ်။ အခု ရိုးကိုကျော်ပြီး ထွက်ပြေး သွားတယ်ဆိုတဲ့ သတင်းကြောင့် အခုသူ့ကို အပူတပြင်း ရဲက လိုက်ရှာ နေပါတယ်။ ဖမ်းမိတာတော့ မရှိသေးပါဘူး။ "� ဟု သူက ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်ရဲကို ဆက်သွယ်မေးမြန်းရာ ရဲအဖွဲ့က တစုံတရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

" အခုဖမ်းဆီးမိတဲ့ အရေအတွက်က တအားများတယ်။ ဒီလို ဖမ်းဆီးမိတာတော့ အရင်က မရှိသေးပါဘူး။ ဒါပထမဆုံး အကြိမ် ဖြစ်ပါတယ ။"� ဟု သူက ဆက်ပြောသည်။

အခုနှစ်များ အတွင်း မြန်မာနိုင်ငံအရှေ့ဘက် ဒေသတွေက ထုတ်လုပ်သော ယာဘား စိတ်ကြွဆေးပြားများကို ရခိုင်ပြည်နယ်ကို ဖြတ်ပြီး ဘင်္ဂလာဒေခ်ျ့ကို တင်ပို့ နေကြ သဖြင့် ရခိုင်ပြည်နယ်အတွင်း မကြာခဏ ဆိုသလို ဖမ်းဆီးမူများ ရှိနေကြောင်း သိရှိ ရသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ယာဘားဆေးပြားများကို ဒေသခံ လူငယ်များက ကာမအားတိုးဆေးအဖြစ် အသုံးပြုနေကြသဖြင့် မြန်မာမှ ယာဘားများမှာ ဈေးကောင်းရနေ၍ ရခိုင်ပြည်နယ်ကို ဖြတ်ပြီး မောင်တော နယ်စပ်မြို့မှ ဘင်္ဂလာဒေခ်ျ့ တင်ပို့နေကြခြင်း ဖြစ်သည်။

လွန်ခဲ့သောနှစ်များက အဆိုပါ ဆေးပြားများ တင်သွင်းနေခြင်းကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက မရိပ်စားမိသဖြင့် အကြီးအကျယ် အလုပ်ဖြစ်ခဲ့သော်လည်း ယခုအခါ အာဏာပိုင်များက သိရှိသွားပြီး ယာဘား ဆေးပြား ရောင်းဝယ် ဖေါက်ကားမူကို အကြီးအကျယ် နှိမ်နှင်းလာသဖြင့် မကြာခဏဆိုသလို ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ သာမက မြန်မာနိုင်ငံသားများလည်း ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံနေကြရသည်။

No comments:

နေ့မှာ