မူလစာမျက်နှာ

Thursday, 9 December 2010

ကျောက်ဆည်ဒေါ်မြရီ ကွယ်လွန်

ဖက်ဆစ်တော်လှန်ရေးသမိုင်းတွင် ထင်ရှားသော အမျိုးသမီးနိုင်ငံရေးသမားကြီး သခင်မဒေါ်မြရီ (ခ) မခင်စီသည် ၉၂ နှစ်အရွယ် ဒီဇင်ဘာ ၉ ရက် ညနေ ၄ နာရီခွဲတွင် ကျောက်ဆည်မြို့၌ နာတာရှည်ရောဂါဖြင့် ကွယ်လွန်သည်။

thathin-daw-myah-yee
ဒေါ်မြရီ ၈၉ နှစ်ပြည့် မွေးနေ့က
ဒေါ်မြရီသည် ဒုတိယကမ္ဘာစစ်တွင်း အိန္ဒိယနိုင်ငံ ကာလကတ္တားအခြေစိုက် သခင်သိန်းဖေ (သိန်းဖေမြင့်)၏ ဆန်းဒေးဗီလာဘုံရိပ်သာတွင် တဦးတည်းသော အမျိုးသမီး ရဲဘော်ဖြစ်ရုံမက အုပ်ချုပ်မှု ဗဟိုကလပ်စည်းတွင်လည်း လေထီးကိုကျော်ရင် (စစ်ပြီးခေတ် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်)၊ ရဲဘော်ဂိုရှယ် (စစ်ပြီးခေတ် ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တယောက်) တို့နှင့်အတူ တာဝန်ယူခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် လေယာဉ်မှ ကြဲဖြန့်သည့် လေနတ်သား စာစောင်တွင်လည်း ရေးသားခဲ့သည်။

ထိုရိပ်သာတွင် ဂျပန်ခေတ် မြန်မာပြည်မှ တိတ်တဆိတ်ခေါ်လာသော လူငယ်များကို စစ်သင်တန်း နိုင်ငံရေးသင်တန်းများပေးကာ မဟာမိတ်တပ်များနှင့်အတူ လေထီးဆင်းပြီး ဖက်ဆစ်တော်လှန်ရေးတွင် ကူညီစေခဲ့သည်။ ထိုလှုပ်ရှားမှုအတွေ့အကြုံများကို သိန်းဖေမြင့်၏ နာမည်ကျော် စစ်အတွင်းခရီးသည်နှင့် မဟာမိတ်နှင့်ဗမာ့တမန်စာအုပ်များ၊ ဝမ်းအိုဝမ်းကျော်ဝင်းမောင်၊ လေထီးဦးအုန်းမောင်စသည့် လေထီးရဲဘော်များ၏ မှတ်တမ်းများတွင် ဖော်ပြပြီး ဖြစ်သည်။

ဒေါ်မြရီကို ၁၁-၄-၁၉၁၈ နေ့တွင် ကျောက်ဆည်မြို့၌  မွေးဖွားသည်။  အသက် ၂ဝ တွင် မူလတန်း ကျောင်းဆရာမ လုပ်ရင်း တို့ဗမာ အစည်းအရုံးတွင် ကူညီခဲ့သည်။ ကလောင်အမည် 'မြဝတ်ရည်' ဖြင့် နဂါးနီ အသင်းတွင် ဆောင်းပါးများရေးခဲ့သည်။ ဂျပန်ခေတ် အာရှလူငယ် ခရိုင် အမျိုးသမီး ဥက္ကဋ္ဌ၊ ခရိုင် ရိက္ခာ တာဝန်ခံ အဖြစ် ဘီဒီအေတပ်သား စုဆောင်းရေး တာဝန်များ ယူခဲ့သည်။ သခင်တင်မြနှင့် မန္တလေး၊ စစ်ကိုင်းနယ်များတွင်  ဖက်ဆစ် ဂျပန် တော်လှန်ရေး သင်တန်းများ လျှို့ဝှက်ပို့ချခဲ့သည်။ ဂျပန်မိက အစော်ကားမခံရခင် သတ်သေရန်  အဆိပ်ပုလင်းနှင့် ဓားမြှောင်ဆောင်ထားလေ့ရှိသည် ဆိုသည်။

thathin-daw-myah-yee1
ဒေါ်မြရီ ၈၉ နှစ်ပြည့် မွေးနေ့က
ဒေါ်မြရီ၏ ရည်းစား သခင် တင်ရွှေ အိန္ဒိယမှ မြန်မာပြည် ပြန်လာပြီး လေထီးရဲဘော်စုဆောင်းစဉ် ကျိုက်လပ်နယ်တွင် သခင်စိုးက  သူတို့ကို မင်္ဂလာဆောင်ပေးလိုက်သည်။ လွတ်လပ်ရေးရစ ဝန်ကြီး၊ မဆလခေတ် သံအမတ်ကြီးဖြစ်လာသည့် ကိုညိုထွန်း၊ ကိုကျော်ရင်တို့နှင့်အတူ ရခိုင်ရိုးမကို သက်စွန့်ဆံဖျား ခြေကျင်ကူးပီး ဂွ မှ စစ်သင်္ဘောဖြင့် အိန္ဒိယပြန်ခဲ့သည်။

စစ်ကြီးပြီး မြန်မာပြည်ပြန်လာကာ ကျောက်ဆည်တွင် ပြည့်တန်ဆာ ပပျောက်ရေးနှင့် အမျိုးသမီး ကွန်ဂရက် ဥက္ကဋ္ဌ တာဝန် ယူခဲ့သလို ကျောက်ဆည် အမျိုးသမီးအဖွဲ့များ စုပေါင်းပြီး အမျိုးသား တော်လှန်ရေး ကျောက်တိုင် စိုက်ထူခဲ့သည်။ ၁၉၄၈ တွင် သခင် တင်ရွှေနှင့်အတူ တောခိုကာ သခင် တင်ရွှေ ကျဆုံးသည့်အခါ မြို့ပြန်လာပြီး  ကျောင်းဆရာမ ပြန်လုပ်ရင်း လူမှုရေး လုပ်ငန်းများလုပ်ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယဆင့် ချီးမြှင့်ခံရသည်။ လေထီးရဲဘော် သမ္မတမန်းဝင်းမောင်ထံ တောတွင်းမှ မိလာသည့် ဗိုလ်မှူးချစ်ကောင်း သေဒဏ်မှလွတ်ရေး တောင်းဆိုသည်ကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးသည့်အတွက် မန်းဝင်းမောင်ကို ဦးကျော်ငြိမ်းတို့ အုပ်စုက မကြေလည်ဖြစ်ခဲ့သည်။

သက်ရှိ အဘိဓာန်ပမာ နိုင်ငံရေးအတွေ့အကြုံများ ဝေငှပေးခဲ့သည် ။ သူ့မွေးနေ့ကို မောင်စူးစမ်း စသည့် လုပ်ဖော်ကိုင်ဘက်ဟောင်းများ သွားလေ့ရှိသလို လူထုဒေါ်အမာမွေးနေ့တွင်လည်း ရဲဘော်ဟောင်းများ၊ မျိုးဆက်သစ်လူငယ်များနှင့် တွေ့ဆုံလေ့ရှိသည်။ ဒေါ်မြရီက ``ကိုယ်တို့ ရဲ့  အကောင်းဆုံး အရွယ် တွေကို တိုင်းပြည်အတွက် ပေးလှူပြီး လုပ်ခဲ့ကြတာ။ သေချင်းပေါင်း ရှင်ချင်းပေါင်းတွေ သေဖော် ရှင်ဖက်တွေ လုပ်ခဲ့ကိုင်ခဲ့ကြတာ။ တိုင်းပြည်လွတ်လပ်ရေးအတွက် ကိုယ်တို့ လုပ်ခဲ့ကြတယ်။ ဘွဲ့ ထူး ဂုဏ်ထူးတွေ ဘာမှ ကိုယ်မလျှောက်ခဲ့ဘူး၊ လျှောက်မှ ရတာမျိုးကို ကိုယ်တသက်လုံး မလျှေက်ဘူး။ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်တယ်၊ ကိုယ့်ကို လူတွေက ချစ်ခင်လေးစားကြတယ်။ သည်နေ့အထိ ကိုယ့်အိမ်နီးချင်း မိတ်ဆွေတွေက ဟင်းခွက်ပို့တုန်း´´ ဟု သူ့ဘဝကို သုံးသပ်ခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက် ညနေ ၃ နာရီတွင် သဂြို င်္ဟ်မည်ဟု သိရသည်။ သား ၁ ယောက်၊ သမီး ၂ယောက်ကျန်ရစ်သည်။

No comments:

နေ့မှာ