မူလစာမျက်နှာ

Wednesday, 29 December 2010

စစ်တွေမြို့တွင် အရက်သမားများ သေဆုံးမှု မြင့်မားလာ

ဒီဇင်ဘာ (၂၉)၊ ၂၀၁၀။
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အရက် သောက်သုံးခြင်းကြောင့် သေဆုံးသော ဦးရေ တဖြည်းဖြည်း များပြားလာကြောင်း သိရှိရသည်။ ထိုကဲ့သို့ များပြားလာခြင်းနှင့် ပတ်သက်၍ စစ်တွေမြို့ခံ တဦးက “စစ်တွေမှာ အရက်သမားသေတာ (၆) လအတွင်း (၂၀) နီးကပါး ရှိပြီ။ သူတို့က အရက်သောက်တယ်။ ရေလဲ မရောဘူး။ သောက်ပြီးတော့ ထမင်းလဲ မစားတော့ ပိုဆိုးတာပေါ့” ပြောပြသည်။ “မနေ့ကလဲ ဓည၀တီရပ်ကွက်မှာ တယောက် သေသွားတယ်။ တခြားရပ်ကွက်တွေက အရက်သမားတွေလဲ သေသွား ကြပြီ” ဟု ဆက်လက် ပြောပြသည်။
“လူတွေက အလုပ်အကိုင် အဆင်မပြေကြတော့ အရက်ကို အလွန်အကျွံ သောက်ကြတယ်။ အလုပ်လည်း မရှိကြဘူးလေ။ နောက်ပြီးတော့ သောက်တဲ့အရက်တွေကလဲ အတုတွေဆိုတော့ ဓာတုပစ္စည်းတွေ ထိတာလဲ ပါမယ်။” ဟု တက္ကသိုလ် ကျူတာတဦးက ပြောကြားခဲ့သည်။
မကြာသေးမီက အရက်ကြောင့် သေဆုံးသွားသူတဦး၏ သူငယ်ချင်းတဦးက “အရက်ကို ကျန်းမာရေးအရ နည်းနည်းပါပါး သောက်တယ်ဆိုရင်တော့ ကိစ္စ သိပ်မရှိဘူး၊ ဒါပေမယ့် မိုးလင်းကနေ တနေကုန် သောက်တော့ ဘယ်လို ခံနိုင်မလဲ။ အခုလို မသေသင့်ဘဲ သေသွားကြတော့ စိတ် မကောင်းဘူးဗျာ” ဟု ၀မ်းနည်းစွာ ပြောပြသည်။
ကုန်တန်းရပ်ကွက် လူကြီးတဦးက “ဒီနေ့လဲ ကုန်တန်းရပ်ကွက်မှာ တယောက် သေတယ်။ အရက် သောက်တဲ့သူ အများစုဟာ များသော အားဖြင့် လေဖြတ်ကြတယ်။ နောက်ပြီးတော့ တခြားရောဂါတွေ ၀င်ပြီး သေသွားကြတာပဲ” ဟုဆိုသည်။
အရက်သောက်သုံးခြင်းနှင့် ပတ်သက်၍ အနည်းငယ် လေ့လာဖူးသူတဦးက “စစ်တွေမြို့ပေါ်မှာ ကျောင်းသား လူငယ် လူလတ်ပိုင်းအရွယ် အတော်များများ အရက်စွဲနေသူတွေကို တွေ့ရတယ်။ အထက်တန်း ကျောင်းသားအရွယ် (၃၀) ရာခိုင်နှုန်း၊ တက္ကသိုလ် ကျောင်းသား အရွယ် (၇၅) ရာခိုင်နှုန်း၊ အရပ်သား လူငယ် (၉၅) ရာခိုင်နှုန်းဟာ အရက် သောက်တတ်တဲ့ သူတွေ ဖြစ်နေကြတယ်။ တချို့ ကျောင်းဆရာတွေ ဆိုရင် ကျောင်းကို အရက်မူးပြီးတော့ ကျောင်းလာတာတွေ ရှိတယ်။” ဟု သုံးသပ်သည်။
ရခိုင်ပြည်တွင် အရက်သောက်သူဦးရေ တနေ့ထက် တနေ့ များပြားလာနေပြီး အကန့်အသတ်မရှိ အရက်ချက်ခြင်း၊ ဖြန့်ဖြူး ရောင်းဝယ်ခြင်း၊ သောက်သုံးခြင်းကြောင့် တိုင်းပြည် လူမျိုး၏ ကုန်ထုတ်လုပ်မှုနှင့် ကုန်ထုတ်စွမ်းအား တိုးတက်မှုကို နှောင့်နှေးစေနိုင်ပြီး အရက်သံသရာထဲတွင် တ၀ဲလည်လည် ဖြစ်နေကြရမည် ဖြစ်သည်။ ထိုအခြေအနေအား အမျိုးသားရေး တာဝန် တရပ်အနေဖြင့် အားလုံး လက်တွဲ ၀ိုင်းဝန်း ဟန့်တား ကြရမည် ဖြစ်သည်။

No comments:

နေ့မှာ