၁၀ နှစ်အရွယ် ကလေးငယ်များကို သုတေသနပြု လေ့လာခဲ့ရာမှ သားယောက်ျားလေးများသည် သင်္ချာ၊ စာဖတ်ခြင်း၊ စာရေးခြင်းနှင့် စာလုံးပေါင်းသတ်ပုံတို့တွင် နို့ဗူးဖျော်တိုက်သည့် ကလေးများထက် ပိုမို ထူးချွန်ကြကြောင်း တွေ့ရှိခဲ့သည်။ သို့ရာတွင် မိခင်နို့ရည် တိုက်ကျွေးခြင်းကြောင့် သမီးမိန်းကလေးများအတွက်မှာမူ အလားတူ သက်ရောက်မှုမျိုး ရှိပုံမရဟု သိရသည်။
လိင်တစ်မျိုးက အခြားလိင်တစ်မျိုးထက် ပိုမို အခွင့်သာသည်ကို လေ့လာရန် ပထမဆုံးအကြိမ်အဖြစ် သုတေသနပြုခဲ့ခြင်းပင်။
သြစတြေးလျနိုင်ငံ အနောက်ပိုင်းတက္ကသိုလ်၏ ကလေးကျန်းမာရေး သုတေသနအတွက် တယ်လီသွန်ဌာနက အသက် ၁၀ နှစ်ပြည့်သည့် ယောက်ျားလေးနှင့် မိန်းကလေးငယ် ၁၀၃၈ ဦးအား ကျောင်းစာမေးပွဲ စစ်ဆေးခြင်းဖြင့် လေ့လာခဲ့ခြင်းဖြစ်သည်။
ပထမဆုံး ခြောက်လအထိ မိခင်နို့ရည် တိုက်ကျွေးသည့် ယောက်ျားလေးများသည် နို့ဗူးဖျော်တိုက်သည့် ကလေးများထက် သင်္ချာနှင့် စာရေးသားခြင်းတို့တွင် ရမှတ် ၉ ရာခိုင်နှုန်း သာလွန်ကြသည်။ စာလုံးပေါင်း သတ်ပုံနှင့် စာဖတ်ခြင်းတို့တွင်လည်း ရမှတ် မြင့်မားကြသည်ဟု Paediatrics ကလေးပြုစုစောင့်ရှောက်မှုဂျာနယ်က အစီရင်ခံ တင်ပြထားသည်။
အချို့သော လေ့လာချက်များတွင် တိုးတက်မှုနှုန်းထား မြင့်မားနေသည့်အတွက် မိန်းကလေးများနှင့် ယောက်ျားလေးများ အကြားကွာဟချက်ကို ပိုမို ကျဉ်းမြောင်းစေသည်ဟု ဆိုသည်။
သမီးမိန်းကလေးများ၏ ရမှတ် တိုးတက်မှုနှုန်းမှာမူ ပြောပလောက်အောင် မရှိခဲ့ပါ။
မိခင်နို့ရည်တွင် အဆီဓါတ် ပေါများကြွယ်ဝသည့်အတွက် ဦးနှောက်ဆဲလ်များ ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူ ဖြစ်စေပါသည်။ သို့ရာတွင် အဘယ်ကြောင့် သားယောက်ျားလေးများကိုသာ ဉာဏ်ရည်ထက်မြက်စေသည့် အချက်နှင့် ပတ်သက်၍မူ သုတေသီများအနေဖြင့် အသေအချာ မရှင်းပြနိုင်သေးပါ။
ဖြစ်နိုင်ချေမှာ သမီးမိန်းကလေးများ၏ ဦးနှောက်သည် လိင်ဟော်မုန်း အီစထရိုဂျင်မှတဆင့် အာဟာရ ရရှိထားပြီး ဖြစ်သည့် အတွက်ပင်။ မိခင်နို့ရည်မှ ကျန်းမာရေးအတွက် အရေးကြီးသည့် အဆီဓါတ်ကြောင့် သားယောက်ျား လေးများအနေဖြင့် အမီ လိုက်ပါနိုင်ခြင်းဖြစ်မည်။
အခြားသော ဖြစ်နိုင်ခြေတစ်မျိုးမှာ မိခင်နို့ရည်တိုက်ကျွေးခြင်းကြောင့် အမေ-သား ဆက်ဆံရေးနှင့် စည်းနှောင်မှုကို ပိုမို မြဲမြံ စေနိုင်ခြင်းပင်။
လေ့လာမှုများအရ မိခင်၏ ဂရုစိုက်စောင့်ရှောက်မှုသည် သမီးမိန်းကလေးများထက် သားယောက်ျားလေးများအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ဦးနှောက် ဖွံ့ဖြိုးမှုအတွက် ပိုမို အရေးကြီးသည်ဟု ဆို၏။
ပြည်နယ်ကျန်းမာရေးဌာနမှ ပထမခြောက်လတွင် မိခင်နို့ရည်တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းဖြင့် ကလေးငယ်များကို အ၀လွန်ခြင်း obesity၊ နှင်းခူ eczema နှင့် နား၊ ရင်ဘက်၊ အစာအိမ် ရောဂါပိုးများမှ ကာကွယ်ပေးနိုင်သည်ဟု ထောက်ပြခဲ့သည်။
ဖော်မြူလာ နို့ဗူးများကို မတိုက်ကျွေးခြင်းဖြင့် ကြီးပြင်းလာသောအခါ အစားအစာ ဂျီးများသည့်သူများ ဖြစ်လာစေခြင်းမှ ရှောင်ကြဉ်နိုင်မည်ဖြစ်သည်ဟု မိခင်အသစ်များကို ပညာပေးလျက်ရှိသည်။ မိန်းကလေးများအတွက်မူ ကင်ဆာရောဂါအချို့ဖြစ်နိုင်ချေကို နည်းပါးစေပြီး ကိုယ်အလေးချိန် ကျစေရန်လည်း အထောက်အကူဖြစ်စေသည်ဟုဆိုသည်။
အခြားသော လေ့လာမှုများတွင် အိုင်ကျူ (ဉာဏ်ရည်ပြကိန်း) မြင့်ခြင်းနှင့် မိခင်နို့ရည်တိုက်ကျွေးခြင်းတို့၏ အဆက်အစပ်ကို ထောက်ပြထားပါသည်။ သို့ရာတွင် အချို့ကမူ ပညာ ပိုမိုတက်မြောက်ထားကြသည့် မိခင်များက နို့ရည်တိုက်ကျွေးခြင်းကြောင့်သာ ဖြစ်သည်ဟု ဆိုပြန်သည်။
သုတေသနအဖွဲ့မှ ပါမောက္ခ ၀င်ဒီအောဒီ မိခင်နို့ရည်တိုက်ကျွေးခြင်းကြောင့် လိင် ၂ မျိုးစလုံးအတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိသည်၊ အကောင်းဆုံး အာဟာရဖြစ်သည် ဟုပြောခဲ့သည်။
ယူနီဆက် ကလေးသူငယ်ပြုစုမှု ပါရဂူ မိုက်ကယ်ကရာမာမှ မိခင်နို့ရည်သည် အိုင်ကျူကို မြင်မားစေသည်ဟု ထောက်ပြခဲ့သည်။
မိခင်နို့ရည်နှင့် ပတ်သက်သည့် အချို့သော ဆွေးနွေးချက်များမှာမူ ပုံကြီးချဲ့ကားပြောဆိုမှုများသာ ဖြစ်သည်ဟု ဒေါက်တာ ကရာမာမှ ပြောကြားခဲ့သည်။ သို့ရာတွင် မိခင်နို့ရည်သည် အိုင်ကျူနှင့် ဆက်နွယ်နေမှု၊ အဆုတ်နှင့် အစာအိမ် ရောဂါပိုးများကို ကာကွယ်မှု အထောက်အထားများအရ အကောင်းဆုံးသော တိုက်ကျွေးမှုပင်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
No comments:
Post a Comment