ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေးဆွဲသွားသော လိုင်ဘေးရီးယား ကုန်တင် သင်္ဘောပါ မြန်မာသင်္ဘောသား ၂၃ ဦး ကျန်းမာလျက်ရှိကြောင်းနှင့် မိသားစုများနှင့် အဆက်သွယ် ရပြီ ဖြစ်ကြောင်း သင်္ဘောကုမ္ပဏီ၏ မြန်မာနိုင်ငံရုံးခွဲ တာဝန်ရှိသူတဦးက ပြောသည်။
လွန်ခဲ့တဲ့ ၃ ရက်ကပဲ မိသားစုတွေဆီ အဆက်အသွယ်ရပါပြီ။ အားလုံးကျန်းကျန်းမာမာပါပဲလို့ပြောပါတယ်။ ဘာမှ မစိုးရိမ်ပါနဲ့လို့ ဆက်သွယ်ပါတယ်” ဟု ရန်ကုန်အခြေစိုက် ST.JOHNS SHIP MANAGEMENT ရုံးခွဲမှ အမည်မဖော်လိုသော တာဝန်ရှိသူ တဦးက မဇ္ဇျိမကိုပြောသည်။
ပြန်ပေးဆွဲခံရပြီး ဆိုမာလီရောက်နေသော မြန်မာသင်္ဘောသားများ ဓားပြများ၏ စီစဉ်ပေးမှုဖြင့် တယ်လီဖုန်း ဆက်သွယ်လာသည်ဟု ဆိုသည်။
ဒီဇင်ဘာ ၁ဝ ရက်က မြန်မာသင်္ဘောသား ၂၃ ဦးပါဝင်သော MV. Panama ကုန်တင် သင်္ဘော တန်ဇန်နီးယား နိုင်ငံ ဒါရက်စ်လမ်းမှ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ယာအသွား လမ်းတွင် ဒုံးလက်နက်များ ကိုင်ဆောင်ထားသော ဓားပြ ၅ ဦး တက်လာပြီး ပြန်ပေးဆွဲသွားသည်။
စက်တပ်လှေ နှစ်စီးဖြင့် ရောက်လာသော ဆိုမာလီဓားပြများက တန်ဇန်နီးယား အရှေ့ဘက် ရေပိုင်နက် မိုင် ၈ဝ ခန့်အကွာတွင် စီးနင်းသွားသည်ဟုဥရောပသမဂ္ဂ ပင်လယ်ဓားပြ တိုက်ဖျက်ရေး အဖွဲ့က ထုတ်ပြန်သည်။
အဆိုပါသင်္ဘောသားများ အသက်အန္တရာယ် စိုးရိမ်စရာမရှိသော်လည်း ဓားပြများအောက်တွင် နေရမည်ဖြစ်သဖြင့် ပြန်ရောက်လာသည့်အခါ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိဘို့ လိုအပ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း ဗဟိုဦးစီးအဖွဲ့ဝင် ဦးဌေးအောင်က ပြောသည်။
“အဲဒိဆိုမားလီးယား ပြဿနာကြောင့် သင်္ဘောသားတွေရော ကျနော်တို့ရော ပိုင်ရှင်တွေရော တော်တော်ကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရတဲ့ကိစ္စတွေပါ။ ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုပဲ ကျနော်တို့က မျှော်လင့်ရမှာပါ” ဟု ဦးဌေးအောင်က မဇ္ဈိမကိုပြောသည်။
အေဒင် ပင်လယ်ကွေ့သည် အရှေ့အာဖရိက ဆိုမာလီနိုင်ငံနှင့် အာရေဗျ ကျွန်းဆွယ် ယီမင်နိုင်ငံအကြား၌ တည်ရှိသည်။ ယင်းပင်လယ်ကွေ့မှ တဆင့်အီဂျစ်နိုင်ငံ စူးအက်တူးမြောင်းကို ဖြတ်၍ မြေထဲပင်လယ်ကို ဆက်သွယ်ပေးသောကြောင့် ကမ္ဘာ့အနောက်နှင့် အရှေ့ ရေကြောင်းကူးသန်းရောင်းဝယ်ရာတွင် အတိုဆုံးနှင့် ထိရောက်လွယ်ကူသည့် အဓိကလမ်းကြောင်း ဖြစ်သည်။
MV. Panama ကုန်တင်သင်္ဘောနှင့် မြန်မာသင်္ဘောသားများ အမြန်ဆုံးပြန်လွတ်နိုင်ရေးမှာ သင်္ဘောကုမ္ပဏီနှင့် ဓားပြများအကြား ငွေကြေးညှိနှိုင်းမှုက အဓိကဖြစ်ပြီး ဆွေးနွေးညှိနှိုင်းဆဲကာလ ပုံမှန်အားဖြင့် ၂လကျော် ကြာမြင့်လိမ့်မည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂအဖွဲ့ တာဝန်ရှိသူ ဦးအောင်သူရ က မဇ္ဈိမကိုပြောသည်။
ယခုနှစ်အစောပိုင်းက မြန်မာသင်္ဘောသား ၂၁ ဦးပါ နော်ဝေးပိုင် UBT Ocean သင်္ဘောကို ဆိုမာလီ ပင်လယ် ဓားပြများ ၄ လကျော်ကြာ ပြန်ပေးဆွဲခံရပြီးနောက်ဆုံးလွတ်မြောက်လာခဲ့သည်။
No comments:
Post a Comment