လွန်ခဲ့သည့် တနှစ်ခန့်က အငြိမ်းစားယူထားသော ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ နာမည်ကြီးဆရာဝန် ဒေါက်တာစံလှိုင်က ကြံ့ဖွံ့ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်တွင် ပါဝင်ယှဉ်ပြိုင်မည်ကို တောင်ကုတ်မြို့ခံများက မကျေနပ်ကြဟု သိရသည်။
“သူက စစ်အစိုးရနဲ့နီးစပ်တဲ့ ကျောက်တောင်သူဌေးက ပေးတဲ့စပွန်ဆာနဲ့ ပါဝင်တာလေ။ ကျောက်တောင်က ဒေါက်တာစံလှိုင်ကို မွေးထားတာလေ။ သူပြောသမျှကို နာခံရတာဗျ” ဟု ဒေါက်တာစံလှိုင်နှင့် နီးစပ်သူတဦးက ပြောသည်။
ဒေါက်တာစံလှိုင်သည် တောင်ကုတ်မြို့နယ်အတွင်းတွင် ဆေးကုသမှုတော်သော ဆရာဝန်အဖြစ် လွန်ခဲ့သောနှစ်များက ကျော်ကြားခဲ့သော်လည်း ၎င်း၏ပေါ့ဆမှုများလည်း ရှိခဲ့ကြောင်း မြို့ခံတဦးက ပြောသည်။
“ဒေါက်တာစံလှိုင်က တော်ပါတယ်။ ဒါပေမယ့် သူဆေးကုခဲ့တဲ့သက်တမ်းမှာ သူပေါ့ဆလို့ ရောဂါကြီးမားသွားတဲ့သူတွေလည်း တွေ့ဖူးပါတယ်။ သူ့ကို ကျနော်တို့ ယုံကြည်ပေမယ့် ကျနော် တွေ့ကြုံခဲ့တဲ့ဖြစ်ရပ်ကတော့ ဘယ်သူမှတောင် မသိလိုက်ကြဘူး ထင်ပါတယ်၊ သူ့ဆီမှာ အပ်တဲ့လူနာတယောက် သွေးလုံးတည်တာကို ကိုယ်ဝန်လို့ပြောတဲ့အတွက် ရန်ကုန်ကို အချိန်မီရုံလေးရောက်ပြီးတော့ ခွဲစိတ်မှု ခံယူလိုက်ရပြီးမှ အသက်ချမ်းသာရာ ရသွားတာလေ” ဟု ဒေါက်တာစံလှိုင်နှင့် ပတ်သက်သော အကြောင်းအရာကို သိမီသူတဦးက ပြောပြသည်။
သို့သော် ဒေါက်တာစံလှိုင်သည် လူရိုသေရှင်ရိုသေ ရှိသူတဦးဖြစ်သည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်မည်ဖြစ်ရာ ကြံ့ဖွံ့ပါတီက ၀င်ရောက်မည်ကို မြို့ခံတို့က မနှစ်သက်ကြကြောင်း သိရသည်။
“အခုသူက ကြံ့ဖွံ့က ၀င်ပြိုင်မယ်ဆိုတော့ သူ့ကို မြို့က လူတွေက မကြိုက်ကြဘူး။ တကယ်ဆိုရင် ပြည်သူ့အကျိုးပြု ဆရာဝန်လုပ်ခဲ့သူဖြစ်တဲ့အတွက် တောင်ကုတ်ပြည်သူတွေက ကြိုက်နိုင်မယ်၊ မကြိုက်နိုင်မယ်ဆိုတာကို တွေးဖို့လိုပါတယ်” ဟု ယင်းမြို့ခံက ပြောသည်။
ဒေါက်တာစံလှိုင်ကမူ “တောင်ကုတ်ကပြည်သူတွေ ကောင်းစားဖို့အတွက်သာဆိုရင် ကျနော် ရွေးကောက်ပွဲမှာ ပါဝင်မှာပါ။ ကျနော့်လူမျိုးတွေ ကောင်းကျိုးရှိမယ်ဆိုရင်ပေါ့ဗျာ” ဟု ပြောသည်။
ဒေါက်တာစံလှိုင်က ယင်းသို့ပြောသော်လည်း တောင်ကုတ်မြို့ခံများက မလိုလားကြကြောင်း၊ ဒေါက်တာစံလှိုင်အနေဖြင့် မိမိကို လိုလားသည် မလိုလားသည်ကို စစ်ကြောရန်လိုအပ်ကြောင်း မြို့မိမြို့ဖတဦးက ပြောသည်။
“တောင်ကုတ်မြို့ဆိုတာ အစဉ်အလာရှိတယ်။ အစိုးရကို လုံးဝမလိုတဲ့မြို့ဖြစ်တယ်။ တချို့တွေကတော့ လိုမှာပေါ့။ ကျနော်တို့ဆီက ကျောက်တောင်လို သူဌေးကတော့ သူ့စီးပွားရေးအတွက် အစိုးရကို လိုမှာပေါ့။ ဒါကိုပဲ ဒေါက်တာစံလှိုင်အနေနဲ့ သိနေလို့မရဘူး။ ပြည်သူကလိုတယ် မလိုဘူးကိုသာ သိဖို့လိုတယ်” ဟု တောင်ကုတ်မြို့ခံတဦးက ပြောသည်။
တောက်ကုတ်မြို့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါက်တာ အောင်ကျော်မင်းနှင့် အငြိမ်းစား ကျောင်းဆရာမ ဒေါ်သန်းယဉ်တို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
No comments:
Post a Comment