မူလစာမျက်နှာ

Tuesday, 7 September 2010

ရိုမေးနီးယားမှ ကချင်ဒုက္ခသည်များ စားဝတ်နေရေး အခက်တွေ့နေ

မလေးရှားဒုက္ခသည်စခန်းမှ ဥရောပတိုက် ရိုမေးနီးယားနိုင်ငံသို့ ပို့ဆောင်ခံရသော မြန်မာပြည်မှ ပထမဆုံး ကချင်ဒုက္ခသည် ၃၈ဦးသည် အဆိုပါအစိုးရမှ ထောက်ပံငွေအစား ယူရို (Euro) ငွေများ အတင်းချေးပေးနေသဖြင့် ဒုက္ခရောက်နေကြောင်း သိရသည်။

07910-yin-bee
ကချင်ဒုက္ခသည် Mabu Ying Ram Yin Bee။
“ပြီးခဲ့တဲ့စက်တင်ဘာ ၂ ရက်နေ့က၂ နာရီမှာလာမယူဘူးဆိုရင် ဒီကနေဆင်းပါတဲ့။ အဲလိုခြိမ်းခြောက် လာတယ်။ မောင်းထုတ်ရင်တော့ ထွက်မှာပဲ။ ဒီငွေ မယူလို့ရှိရင် နောက်ထပ် ၉ လတောင် ပိုက်ဆံပေးတော့မှာ မဟုတ်ဘူးလို့ ပြောလာတယ်” ဟု ကချင်ဒုက္ခသည်အစ်မကြီးတစ်ဦးပြောသည်။

ရိုမေးနီးယားအစိုးရက ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့မှစ၍ ဒုက္ခသည်တစ်ဦးကို ၁၃၂ ယူရို ချေးငွေလက်ခံရန် ခြိမ်းခြောက်လာမှုကြောင့် ဒုက္ခသည် ၈ဦးမှာ ထိုချေးငွေကို လက်ခံခဲ့ရသည်ဟု သိရသည်။

ယခင်မလေးရှားမှ မ ထွက်ခွာမီ ယင်းဒုက္ခသည်များအား ထိုနိုင်ငံသို့ရောက်လျှင် ”ထောက်ပံငွေ၊ ဒုက္ခသည် ထောက်ထားညှာတာငွေနှင့် ချေးငွေများ” ပေးသွားရန်ရှိကြောင်းနှင့် ထောက်ပံငွေအဖြစ် တစ်ဦးကို တစ်လ ၁၃၅ ယူရို ရမည်ဟု ကတိပြုထားကြောင်း သိရသည်။

ဒုက္ခသည်များကို မလေးရှားတွေကတိပြုခဲ့သောထောက်ပံ့ငွေမှာ ယခု ရိုမေးနီးယားတွင် အစိုးရချေးငွေအဖြစ်သို့ ပြောင်းသွားခြင်းဖြစ်သည်။

လက်ရှိတွင် ဒုက္ခသည်များအား အစိုးရမှ ထောက်ပံ့ငွေအဖြစ် နှစ်ပတ်တစ်ကြိမ် တစ်ဦးကို ရိုမေးနီးယားငွေ Lei ၅၃-၄၇ ကြား (တစ်နေ့ တစ်ဒေါ်လာနှုန်း) ထောက်ပံ့နေသော်လည်း လုံလောက်မှု မရှိသဖြင့် နေ့စဉ်ဝမ်းစာနှင့် ကျန်းမာရေးကိစ္စ ဖြေရှင်းရန် အခက်အခဲတွေ့နေရပါသည်။

ဒုက္ခသည် ၃၈ ဦးအတွက် အစိုးရမှ ဆေးဆရာဝန် တစ်ဦးထားရှိပေးသော်လည်း “ခေါင်းမှုးခေါင်းကိုက်ဆိုရင် ကိုယ့်ဟာကိုယ် ဆေးဝယ်သောက်ပါ။ အရမ်းအရေးကြီးတဲ့ အခြေအနေရောက်မှ ဆရာဝန်ကိုမေးကြည့်ပြီး ဆေးရုံလာပါတဲ့” ဟု ဒုက္ခသည်မှ ဆက်ပြောသည်။

စားဝတ်နေရေးဖြေရှင်းရန် ပြင်ပတွင် အလုပ် လုပ်မည်ဆိုပါက ဘာသာစကားအခက်အခဲနှင့် အစိုးရမှ နေထိုင်ခွင့်ပေးထားသည့်ဒုက္ခသည်နေအိမ်များမှ ထွက်ခွာရမည်ဖြစ်သည်။ တစ်ဖန် သီးခြားအိမ်ခန်းငှားရန်လည်း  ရရှိနိုင်သောလုပ်အားခနှင့် အိမ်ခန်းခ မျှတမှု မရှိ ကြောင်းသိရသည်။

ဒုက္ခသည်အမျိုးသမီး တစ်ဦးက “အလုပ်တကယ်လုပ်ခဲ့လို့ရှိရင် ထောက်ပံငွေ ပေးတော့မှာမဟုတ်တော့ဘူး။ တကယ်တာအပြင်မှာ နေရမယ်ဆိုရင်လည်း အိမ်လခအရမ်းဈေးကြီးတယ်။ ငှား(အိမ်ခန်း)ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ယူရို ၂၀၀၊ တောမှာဆိုရင် ၁၅၀ ယူရို ရှိတယ်၊  တခြားအာဖဂန္နစတန် ဆိုရင် တစ်လကိုအခုလောလောဆယ် လုပ်နေတဲ့သူတွေက ယူရို ၁၅၀၊ ယူရို ၂၀၀နဲ့ လုပ်နေရတယ်၊ အဲဒီတစ်လလုံးလုပ်တဲ့ လခဟာ အိမ်လခစရိတ်နဲ့ တင်ကုန်သွားမယ်။” ဟူ ညည်းတွားခဲ့သည်။

ရိုမေးနီးယားအစိုးရချေးငွေအား ကချင်ဒုက္ခသည် ၃၀ဦးသည် ယခုထိလက်မခံကြောင်း ငြင်းဆိုနေပြီး၊ နောက်လည်း ၎င်းချေးငွေအားလက်ခံမည် မဟုတ်ကြောင်း သိရပါသည်။

No comments:

နေ့မှာ