မူလစာမျက်နှာ

Thursday, 23 September 2010

မြန်မာအလုပ်သမားများ မြ၀တီတွင် ငွေညှစ်ခံနေရဆဲ



ထိုင်းနိုင်ငံ အတွင်းပိုင်းတွင် အဖမ်းခံရပြီး ထိုင်းလ၀ကမှ မြန်မာနယ်စပ် မြ၀တီသို့ ပြန်ပို့လိုက်သည့် မြန်မာအလုပ်သမားများထံမှ မြ၀တီခရိုင် အာဏာပိုင်အဖွဲ့အစည်းများနှင့် မြန်မာလူကယ်ရီများက ငွေကြေးကောက်ခံမှု မပြုလုပ်ကြရန် လူကုန်ကူးမှု တားဆီးရေးအထူးအဖွဲ့ (နေပြည်တော်) က တားမြစ်ထားသော်လည်း လိုက်နာခြင်းမရှိဟု သိရသည်။

ဘန်ကောက်တွင် အဖမ်းခံရပြီး မဲဆောက်ရှိ ထိုင်းလူဝင်မှုအချုပ်ခန်းမှတဆင့် မြန်မာနိုင်ငံ မြ၀တီဘက် ပြန်ပို့ခံရသူများသည် မြန်မာဘက်ခြမ်း (၉၉၉) ဂိတ်အရောက်တွင် လူတဦးလျှင် ထိုင်းဘတ် (၁,၅၀၀) နှုန်းဖြင့် လူကယ်ရီများထံ မိမိကိုယ်မိမိ ပြန်ရွေးယူကြရသည်ဟု ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ဒိုင်းပြရွာမှ နန်းမူးမူးက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “ဒီနေ့ ထိုင်းလ၀က အချုပ်ကနေ ကျမတို့ကို မြ၀တီ (၉၉၉) ဂိတ်ကိုပို့လိုက်တယ်။ မြ၀တီဘက်လည်းရောက်ရော အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတဲ့လူတွေက ပြန်လာတဲ့လူ (၁၀၀) ကျော်ကို တန်းစီထိုင်ခိုင်းပြီး အသေးစိတ်စစ်ဆေးတယ်။ ပြီးတာနဲ့ တယောက်ကို ဘတ် (၁,၅၀၀) တောင်းတယ်။ မပေးနိုင်ရင် အဖမ်းခံရမယ်၊ နေပြည်တော် ပို့မယ်လို့ပြောတယ်။ လူအတော်များများက ပိုက်ဆံပေးကြတယ်။ မပေးနိုင်တဲ့လူ (၄၀) လောက်ကိုတော့ ဘယ်ခေါ်သွားလည်းမသိဘူး” ဟု ပြောသည်။

အဆိုပါ အရပ်ဝတ်များဖြင့် လက်နက်ကိုင်ဆောင်ထားသူများမှာ ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ကျစစ်သားများနှင့် ဒီကေဘီအေအဖွဲ့ဝင်များဟု သိရပြီး ငွေတောင်းခံသူများမှာ ၎င်းတို့နှင့်ပူးတွဲလုပ်ကိုင်ကြသည့် အရပ်သားလူကယ်ရီများ ဖြစ်သည်ဟု နန်းမူးမူးက ပြောသည်။

မဲဆောက်မြို့ရှိ တီကေလေးအထည်ချုပ်စက်ရုံမှ ကိုဌေးက “ညီမနဲ့ယောက်ဖ ဘန်ကောက်မှာအဖမ်းခံရပြီး မြ၀တီ (၉၉၉) ဂိတ်မှာရောက်နေလို့ ဒီနေ့ သွားခေါ်တာ တယောက်ကို ဘတ် (၁,၅၀၀) ပေးခဲ့ရတယ်။ သူတို့ပိုက်ဆံမပါတဲ့အတွက် ရွာထဲက အိမ်တအိမ်မှာ သူတို့ကို ချုပ်ထားတယ်။ မြန်မာပြည်နဲ့ ထိုင်းဘက်မှာရှိတဲ့ ဆွေမျိုးတွေဆီကို ဖုန်းဆက်ပြီး ငွေလာပို့ခိုင်းတယ်” ဟု ပြောသည်။

ငွေပေးပြီးနောက် မဲဆောက်ပြန်ရောက်လာသည့် မရီရီချိုက “ကျမအစ်ကို ငွေလာပေးမှပဲ ပြဿနာက ပြီးသွားတယ်။ ငွေမရောက်ခင် အချိန်တွေမှာဆိုရင် ကျမတို့ကို အမျိုးမျိုးခြိမ်းခြောက်တယ်၊ ထွက်ပြေးရင် သေနတ်နဲ့ပစ်သတ်မယ်လို့ ပြောတယ်” ဟု ဆိုသည်။

မြ၀တီတွင် လူကုန်ကူးမှုတားဆီးရေးအထူးအဖွဲ့ (နေပြည်တော်) ရောက်ရှိနေပြီး လွန်ခဲ့သည့် တနင်္ဂနွေနေ့ကစ၍ မြ၀တီရှိ လူကုန်ကူးနေသည့်အဖွဲ့များကို လိုက်လံဖမ်းဆီးလျက်ရှိပြီး လူကုန်ကူးမှုကိစ္စတွင် အာဏာပိုင်အဖွဲ့အစည်းများ ပါဝင်ပတ်သက်မှုမရှိရန်၊ ထိုင်းမှပြန်လာကြသည့် မြန်မာအလုပ်သမားများထံမှ ငွေကြေးတောင်းခံမှုများ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက အရေးယူခြင်းခံရမည်ဟု ပြောကြားခဲ့ကြောင်း လ၀က၀န်ထမ်းတဦးက ပြောသည်။

၎င်းက “ဒီကိစ္စက ပြောရမယ်ဆိုရင်တော့ အားလုံးသိထားကြသလို ဟန်ပြပဲဖြစ်တယ်။ ဒီလ (၁၆) ရက်နေ့က ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆွေးနွေးပွဲ မန္တလေးမှာ လုပ်ပြီးတာနဲ့ အခုလို မြ၀တီကို နေပြည်တော်ကအဖွဲ့လာပြီး ဟန်ရေးပြတာပဲ။ ဘာမှထိရောက်မှု ရှိမှာမဟုတ်ဘူး။ အရင်ကလည်း ဒီလိုပဲ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ ပြီးရင် အိတ်ပိုက်ပြန်ကြတာပဲ” ဟု ပြောသည်။

ယမန်နှစ် ဧပြီ (၂၄) ရက်၌ ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး ပထမစီမံကိန်း အစနှစ် ၂၀၀၉-၂၀၁၀ ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုမှတ်တမ်းများအရ တရုတ်နိုင်ငံသည် လူကုန်ကူးမှုအများဆုံးတည်ရှိရာ ဖြစ်ပြီး လူကုန်ကူးသူများသည် မန္တလေး၊ ပြင်ဦးလွင်၊ လားရှိုး၊ မူဆယ်လမ်းများကို အသုံးပြုကြောင်း၊ ဒုတိယ လူကုန်ကူးမှုအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး လူကုန်ကူးသူများသည် မြ၀တီနယ်စပ်လမ်းကြောင်းကို အများဆုံးအသုံးပြုကြကြောင်း ဖော်ပြထားသည်။

No comments:

နေ့မှာ