ရန်ကုန် ၊ မေ ၇
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ယာယီ ကယ်ဆယ်ရေး စခန်းများတွင်
ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေ၍ ဆေးဝါး အကူအညီများ
လိုအပ်လျက်ရှိကြောင်း ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်း က
ပြောကြားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ နန့်ခမ်းရှိ ဂျော ကချင် စခန်း၊ ဒဏ္ခိဏာရုံ ပလောင်စခန်း၊ မန်ဝိန်းကြီး၊ နန့်ဖတ်ကာနှင့် အခြား နာမည်မရှိသည့် နယ်စပ် ကယ်ဆယ်ရေးစခန်းများတွင် ဖြစ်ပွားနေ သည်ကို တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
နမ့်ဖတ်ကာ စခန်းတွင် ဆန်၊ ဆေးစိမ်ခြင်ထောင်နှင့် အထွေထွေ ဆေးဝါးများ
လိုအပ်လျက် ရှိပြီး အမိုးအကာ လုံလောက်မှု မရှိခြင်းကြောင့် မိုးဦးကျ
ရာသီတွင် အအေးမိတုပ်ကွေး၊ ငှက်ဖျားရောဂါများ ဖြစ်ပွားမည်ကိုလည်း
စိုးရိမ်နေရကြောင်း အဆိုပါ ဒေသရှိ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်
ကူညီခဲ့သူ ဦးမောင်အေးက ပြောကြားသည်။
"ကချင်ထက်စာရင် ဒီနေရာမှာ
ပိုဆိုးတယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့အပြင် ရေမသန့်လို့ ယားနာ
ဖြစ်နေတာတွေ၊ ခြင်တွေပေါလာလို့ ငှက်ဖျား ဖြစ်နေတာတွေ ရှိတယ်" ဟု
ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်
လှုဒါန်းခဲ့ သူ ၎င်းက ရှင်းပြသည်။
"ချောင်းရေ ၊ ရေအိုင်တွေက မသန့်တဲ့
ရေတွေ သုံးနေရတယ်။ အကူအညီ ပေးရေး အဖွဲ့တွေလည်း မလာကြဘူး။ မနောအလှအဖွဲ့ လာတာ
ပထမဆုံးပဲလို့ ပြောတယ်" ဟု နမ့်ဖတ်ကာ စခန်းသို့ သွားရောက် ခဲ့သည့်
မနောအလှအဖွဲ့၏ ဒေါ်အယ်လ်ခွန်းရီက ပြောကြားသည်။
ကချင်ပြည်နယ်၊
ရှမ်းပြည်နယ် အကြားနှင့် တရုတ်ပြည် နယ်စပ်တစ်လျှောက်ရှိ နမ့်တောင်း၊ ရွှေကူ၊
လိုင်ဇာ၊ မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော် စသည့် နေရာဒေသ များတွင်
စစ်ဘေးဒဏ်ကြောင့် အကူအညီ လိုအပ်နေ သည့် ကချင်၊ ရှမ်း၊ ပအို့ဝ် စသည့်
တိုင်းရင်းသားများ ရှိနေပြီး မြန်မာနိုင်ငံတွင် ဦးရေ ၆၀,၀၀၀ ကျော်၊
တရုတ်နိုင်ငံ နယ်စပ် ၁၅ နေရာခန့်တွင် ဦးရေ ၁၆,၀၀၀ ခန့် အထိ ရှိနိုင်ကြောင်း
အဆိုပါ ဒုက္ခသည် များကို အကူအညီ ပေးနေသည့် အဖြူရောင် တွဲလက်များ အပါအဝင်
အခြား ပရဟိတ အဖွဲ့အစည်း များက ခန့်မှန်းကြသည်။
Source:FB
No comments:
Post a Comment