မူလစာမျက်နှာ

Thursday, 3 May 2012

ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ၏ သဘောထား ထုတ်ပြန်ကြေညာချက်

၂၀၁၂ မေလ ၃ ရက်နေ့

၁။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ပြည်သူ့ ပြန်ကြားရေးဌာန (DPI) တို့၏ ၁၉၉၁ ခုနှစ်တွင် နမ္မီးဘီယားနိုင်ငံ ၀င်းဟုတ်မြို့၌ကျင်းပသော ညီလာခံမှ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့(World Press Freedom Day) ဟူ၍ နှစ်စဉ် မေလ ၃ ရက်နေ့ကို သတ်မှတ်လျက် ကမ္ဘာ့နိုင်ငံအများအပြားတွင် နှစ်စဉ် ကျင်းပလာခဲ့ရာ မြန်မာနိုင်ငံတွင် ယခု ပထမဆုံးအကြိမ်အဖြစ် ကျင်းပနိုင်ပြီ ဖြစ်ပေသည်။ ၀င်းဟုတ် ကြေညာစာတမ်းအရ စာနယ်ဇင်းလွတ်လပ်ခွင့်ဟူသည် လူထုဆက်သွယ်ရေးနည်းလမ်းများအနေဖြင့် ဗဟုဝါဒနှင့် အမှီအခိုကင်းသည့် လွတ်လပ်ခွင့်ကို ခံစားနိုင်သည့် အခြေအနေ ဖြစ်ပေသည်။

၂။ မြန်မာနိုင်ငံတွင် ၂၀၁၁ခုနှစ် မတ်လကစ၍ အရပ်သားအစိုးရ ပေါ်ပေါက်လာပြီးနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သတင်းမီဒီယာများအား စတုတ္ထမဏ္ဍိုင်အဖြစ် အလေးထား ပြောကြားကာ သတင်းမီဒီယာများ၏ ဝေဖန် ထောက်ပြ ချက်များကို အလေးဂရုပြုလျက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သွားကြရန် အစိုးရ ယန္တရားများကို ညွှန်ကြားခဲ့ပေသည်။ ထို့ပြင် စာနယ်ဇင်းဥပဒေများကိုလည်း ခေတ်နှင့်အညီ ပြုပြင်ရေးဆွဲရန် မိန့်ကြားခဲ့ပေသည်။

၃။ မြန်မာ စာနယ်ဇင်းလောကသည် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီအစိုးရ လက်ထက်တွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ရရှိခံစားခဲ့ပြီး စာနယ်ဇင်း လွတ်လပ်ခွင့် ကိုလည်း အာရှတိုက်တစ်ခွင်တွင် အလွတ်လပ်ဆုံး အဆင့်အတန်း၌ ကျင့်သုံးခဲ့ကြပေသည်။ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ ဘာသာစကားများဖြင့် နေ့စဉ်ထုတ်သတင်းစာ ၃၀ ကျော် ထုတ်ဝေနိုင်ခဲ့ပေသည်။

၎။ ၁၉၆၂ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်၍ အာဏာသိမ်းခဲ့ပြီးနောက် ပုံနှိပ်သူနှင့် ထုတ်ဝေသူ ဥပဒေများကို ထုတ်ပြန်ချိန်မှစ၍ မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဆိတ်သုဉ်းခဲ့ရပေသည်။ ကာကွယ်ရေးဥပဒေများ ထုတ်ပြန်ပြဌာန်းခဲ့ပြီးသည့်နောက်တွင် မြန်မာစာနယ်ဇင်းသမားများစွာသည် ထောင်သွင်းအကျဉ်းချခံရခြင်း၊ သတင်းစာတိုက်များ ပိတ်ပင်ခံရခြင်းစသည့် ဖြစ်ရပ်များနှင့် ရင်ဆိုင်ခဲ့ရပေသည်။ ထိုအခြေအနေသည် ရာစုနှစ် ထက်ဝက်မျှ ကြာမြင့်ခဲ့ပေသည်။

၅။  မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြောင်းလဲမှုများနှင့်အတူ သတင်းမီဒီယာလောကသည်လည်း နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသော စာနယ်ဇင်း လွတ်လပ်ခွင့် အဆင့်အတန်းကို ရရှိကျင့်သုံးနိုင်ရန် လိုအပ်နေပြီ်ဖြစ်ပေသည်။ ယခုအခါ အုပ်ချုပ်ရေးမဏ္ဍိုင်က ရေးသားပြုစုလျက်ရှိသော  စာနယ်ဇင်းနှင့် မီဒီယာဥပဒေများသည် နိုင်ငံတကာ စာနယ်ဇင်း လွတ်လပ်ခွင့် စံနှုန်းများနှင့် အညီအညွတ် ဖြစ်သင့်သည်ဟု ကျွန်ုပ်တို့ ခံယူပေသည်။

၆။ ဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို အကန့်အသတ်မရှိ ကျင့်သုံးခွင့်ရှိရမည်ဟု လူတစ်ဦးချင်းတို့က မတောင်းဆိုအပ်သလို အစိုးရများကလည်း ဒီမိုကရေစီအခွင့်အရေးများကို ကန့်သတ် ထိန်းချုပ်ရန် လိုအပ်သည်ဟု မခံယူသင့်ကြောင်း ကျွန်ုပ်တို့ သဘောတူပေသည်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်သည် လူအများ၏ စိတ်ဓာတ်ရေးရာ၊ တည်ငြိမ်အေးချမ်းရေးနှင့် လူ့အဖွဲ့အစည်း၏ အထွေထွေ သက်သာချောင်ချိရေးကို မထိခိုက်စေရ ဆိုသည်ကို လက်ခံနိုင်ပါသည်။ သို့သော် ထိုသည်တို့ကို အခွင့်ကောင်းယူ၍ ချုပ်ချယ် ကန့်သတ်မှုများ မပြုလုပ်သင့်ပါ။ ကန့်သတ်မှုများသည် မလုပ်မဖြစ် လိုအပ်၍ ကန့်သတ်မှုသာဖြစ်ရမည်။ အနည်းဆုံး ဖြစ်ရမည်။ (ရည်ညွှန်းချက်။  The Universal Declaration of Human Rights, Article 29-2)

၇။ သတင်းအချက်အလက်များ လွတ်လပ်စွာ စီးဆင်းခွင့်ရှိခြင်းသည် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၏ အသက်သွေးကြော ဖြစ်သည်။ တရားမျှတ၊ လွတ်လပ်၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း တည်ဆောက်ရန် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိရမည်။  ယင်းအတွက် လူတိုင်းသည် သတင်းအချက်အလက်များကို နယ်စည်းမခြားဘဲ မည်သည့် မီဒီယာမှမဆို ရှာဖွေ၊ ရယူ၊ ဖြန့်ဝေခြင်း ပြုခွင့်ရှိရမည်။ (ရည်ညွှန်းချက်။The Universal Declaration of Human Rights, Article 19)

၈။ မြန်မာနိုင်ငံတွင် မည်သည့် မီဒီယာ ဥပဒေကို ရေးဆွဲပြဌာန်းသည် ဖြစ်စေ
    (က)  ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တည်းဟူသောအာမခံချက်ကို မကျော်လွှားသင့်ပါ။ တည်ဆဲ ဥပဒေများမှ ဒိမိုကရေစီအခြေခံအခွင့်အရေးများနှင့် ဖီလာဆန့်ကျင်နေသော ဥပဒေအချို့ပယ်ဖျက်သင့်ပါသည်။
    (ခ) စာနယ်ဇင်းများ၊ ရေဒီယိုနှင့် ရုပ်သံများ၏ အခြေခံလူ့အခွင့်အရေးခံစားပိုင်ခွင့်ကို မထိပါးသင့်ပါ။ (ရည်ညွှန်းချက်။ Article 19)
    (ဂ) မီဒီယာတစ်စုံတစ်ခုကြောင့် ထိခိုက်နစ်နာသူများကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးနိုင်သည့် စည်းမျဉ်း စည်းကမ်းများ ပါရှိသင့်ပါသည်။ (ရည်ညွှန်းချက်။ Article 29-2)
    (ဃ) သတင်းမီဒီယာများအား မှတ်ပုံတင်သည်မှ ပုံနှိပ် ဖြန့်ချိသည်အထိ အဆင့်တိုင်းတွင် ဆင်ဆာစနစ် မရှိသင့်ပါ။
    (င) သတင်းမီဒီယာများကို နိုင်ငံရေးပါတီများ၊ ငွေရှင်ကြေးရှင်များနှင့် နိုင်ငံခြား အရင်းအမြစ်များက လက်ဝါးကြီးအုပ်စနစ်ဖြင့် ချုပ်ကိုင်ခြင်း မပြုနိုင်ရန် စည်းကမ်း သတ်မှတ် သင့်ပါသည်။
    (စ) သတင်းမီဒီယာလုပ်ငန်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်နေခြင်းဟုတ်မဟုတ် (လိုအပ်လျှင် စစ်ဆေးကြပ်မတ်ခွင့် ရှိသော) စာနယ်ဇင်းကောင်စီ သို့မဟုတ် သတင်းမီဒီယာ ကော်မရှင် ဖွဲ့စည်း ကြပ်မတ်သင့်ပါသည်။ ယင်းအဖွဲ့သည် သတင်းမီဒီယာလုပ်ငန်းများမှ စေလွှတ်သော ကိုယ်စားလှယ်များက ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးကောက်တင်မြှောက်သူများဖြင့် ဖွဲ့စည်းခြင်း ဖြစ်ရပါမည်။
    (ဆ) သတင်းထောက်များ သတင်းရယူခွင့်၊ မေးမြန်းစုံစမ်းခွင့်၊ ပြည်တွင်းပြည်ပ သွားလာခွင့်များကို ကန့်သတ်မှုများ မရှိသင့်ပါ။
    (ဇ) သတင်းမီဒီယာသမား၊ စာနယ်ဇင်းသမားများအတွက် သတင်းလုပ်ငန်းဆိုင်ရာ အပြစ်ကင်းလွတ်ခွင့်များ ဖော်ပြပါရှိသင့်ပါသည်။

၉။ အစိုးရယန္တရားအပါအ၀င် အများပြည်သူတို့ သတင်းမီဒီယာများအပေါ် ယုံကြည်ကိုးစားမှု တိုးပွားလာစေရန် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီက ဆက်လက် ကြိုးပမ်းသွားမည်။

၁၀။ လွတ်လပ်စွာရေးသားထုတ်လွှင့်ဖေါ်ပြခွင့်နှင့်ပတ်သက်၍ မီဒီယာများဖက်မှ ရပ်တည်သွားမည်။

၁၁။ မကြာသေးမီကာလများအတွင်း သတင်းမီဒီယာအချို့အပေါ် တရားစွဲဆိုမှုများနှင့် တရားစွဲဆိုရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရ၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီအနေဖြင့် ၀မ်းနည်းကြောင်း ဖော်ပြလိုပေသည်။ လတ်တလောအားဖြင့် The Voice ဂျာနယ်အပေါ် အစိုးရ ၀န်ကြီးဌာနတစ်ခုက တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ The Voice ဂျာနယ်အား စာနာထောက်ထားကြောင်းနှင့် အလျင်အမြန် ပြေလည် ပြီးပြတ်ရန်လည်း ဆန္ဒပြုပါသည်။

၁၂။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီသည်  လွတ်လပ်၍ အမှီခိုကင်းသော မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်း ဖြစ်ပေါ်ရေးကို  ကြိုးပမ်း ဆောင်ရွက်ခြင်းနှင့် တစ်ချိန်တည်းတွင် သတင်း မီဒီယာသမားများ မလွဲမသွေ ခံစားရမည့် စာနယ်ဇင်း လွတ်လပ်ခွင့်များအတွက်ပါ မဆုတ်မနစ် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထူးခြားသော ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် သနိဋ္ဌာန်ပြုလိုက်သည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီ
၃ မေ ၂၀၁၂
Source:FB

No comments:

နေ့မှာ