မူလစာမျက်နှာ

Sunday, 6 May 2012

ဗိသုကာ လက်ရာ ပျောက်ကွယ်တော့မယ့် ကိုယ့်နိုင်ငံတွင်းက ရှေးဟောင်း မြို့ အမည်ကို ကြေးမုံ သတင်းစာက ဖုံးကွယ်

မေလ ၅ ရက်နေ့က ထုတ်တဲ့ ကြေးမုံ သတင်းစာမှာ " အာရှ၏ အတိတ်ခေတ် ဗိသုကာရတနာများ ဆုံးရှုံးပျောက်ကွယ်မည့် ဘေးနှင့် ရင်ဆိုင်နေရ" ခေါင်းစဉ်နဲ့ သတင်းကို ဖေါ်ပြရာမှာ ထိုင်းနိုင်ငံက အယုဒ္ဓယ၊ တရုတ်နိုင်ငံမှ ကတ်ရှ်ဂါ မြို့ဟောင်းတွေရဲ့ နာမည်ကို ဖေါ်ပြပေမယ့် အဲဒီစာရင်းထဲမှာ နံပတ် (၆) နေရာက ပါရှိတဲ့ ကိုယ့်နိုင်ငံအတွင်းက မြောက်ဦးမြို့ကို ကျတော့ ဖေါ်ပြမထားဘဲ ဖုံးကွယ်ထားတာကို တွေ့ရှိရပါတယ်။


Global Heritage Fund လို့ ခေါ်တဲ့ ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့က အာရှတိုက်က ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် (၁၀) ခုဟာ ပျက်စီး ပျောက်ကွယ်ရမည့် ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ မေလ ၃ ရက်နေ့က Asia’s Heritage in Peril: Saving Our Vanishing Heritage ခေါင်းစဉ်နဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အဲသလို ထုတ်ပြန်တဲ့ စာရင်းမှာ ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးလည်း အာရှက တစ်ခြား နေရာ (၉) နဲ့ အတူ စာရင်းထဲမှာ ထည့်သွင်း ဖေါ်ပြထားပါတယ်။ ပြည်သူပိုင် သတင်းစာကြီး တစ်စောင်ဖြစ်တဲ့ ကြေးမုံက အဲဒီ သတင်းကို မေလ ၅ ရက်နေ့က ဖေါ်ပြပေမယ့် ရခိုင်ရှေးဟောင်း မြို့တော် မြောက်ဦးရဲ့ အမည်ကို တစ်စုံတစ်ရာ မဖေါ်ပြဘဲ ဖုံးကွယ် ထားခဲ့ပါတယ်။

ခုလို မဖေါ်ပြဘဲ ဖုံးကွယ်ထားတဲ့ အပေါ် ဘယ်လို မြင်ပါသလဲလို့ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်ကို မေးကြည့်တဲ့ အခါ သူ့အမြင်ကို ခုလို ပြောပါတယ်။

" ခုလို နိုင်ငံတော်ပိုင် သတင်းစာမှာ ပြည်သူတွေ သိရှိအောင် ဒီလို စိုးရိမ်ရတဲ့ စာရင်းမှာ မြောက်ဦးလည်း ပါတယ်ဆိုတာကို မဖေါ်ပြဘဲ ထားတာဟာ တိုင်းရင်းသား ပြည်သူတွေ အပေါ် တာဝန်မဲ့တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ တိုင်းရင်းသား ဒေသက ရှေးကျတဲ့ မြို့တော် တစ်ခုဟာ ခုလို ပျက်စီး ပျောက်ကွယ်ရမည့်ဘေးနှင့် ရင် ဆိုင်နေရတယ်ဆိုတာကို မဖေါ်ပြတာဟာ တိုင်းရင်းသား တွေကို ခွဲခြားဆက်ဆံလိုတဲ့ သဘော၊ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမူ အမွေအနှစ်တွေကို အသိအမှတ် မပြုလိုတဲ့ သဘောမျိုးလို့လည်း ပြောလို့ရပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ကိုယ်နိုင်ငံအတွင်း ရှေးဟောင်း မြို့တစ်မြို့ ပျက်စီး ပျောက်ကွယ်ရမည့် အန္တရာယ်များနှင့် ရင်ဆိုင် ကြုံတွေ့နေရသော အခြေအနေကို မဖေါ်ပြခြင်း၏ နောက်ကွယ်မှ အကြောင်းအရာကို သူအနေနဲ့ မသိပါကြောင်း၊ သတင်းစာ တာဝန်ရှိသူများသာ အသိဆုံး ဖြစ်လိမ့်မည် ဖြစ်ပါကြောင်း သူက ဆက်လက် ပြောဆိုသည်။

ကျောက်တော်မြို့နယ်က ရှေးဟောင်း ရခိုင်ယဉ်ကျေးမူ သုတေသီ သူမြတ် မဟာအောင်မြေကလည်း သူ့ အမြင်ကို ခုလို နိရဉ္စရာကို ပြောပါတယ်။

" ကျွန်တော်တို့ရဲ့ မြောက်ဦးကို တစ်ခြား အာရှက ရှေးဟောင်းမြို့တော်တွေနဲ့ တတန်းတည်းထားပြီး အလေးထား ဖေါ်ပြတဲ့ အတွက် Global Heritage Fund ကို ကျေးဇူးတင်ပါတယ်။ မြန်မာ သတင်းစာတွေ၊ အထူးသဖြင့် နိုင်ငံပိုင် သတင်းစာတွေက ဒီအကြောင်းတွေကို အသေအချာ လေ့လာရေးသားပြီး ပြည်သူတွေကို အသိပေး တင်ပြသင့်ပါတယ်။ မြောက်ဦးဆိုတာလည်း ကိုယ်တိုင်းပြည်ထဲက ဗုဒ္ဓဘာသာ ယဉ်ကျေးမူ အမွေအနှစ် တစ်ခု ဖြစ်တဲ့ အတွက် အားလုံး သက်ဆိုင်တဲ့ ရှေးဟောင်း မြို့တော် တစ်ခု ဖြစ်ပါတယ်" ဟု ပြောသည်။

Global Heritage Fund ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့က ဖေါ်ပြတဲ့ အာရှတိုက်က ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် (၁၀) ထဲမှာ ထိုင်းနိုင်ငံက အယုဒ္ဓယ၊ ဖိလစ်ပိုင်နိုင်ငံက စန်တီယေဂို ခံတပ်ဟောင်း၊ တရုတ်နိုင်ငံက ပိုးလမ်းမမြို့တော် ဖြစ်တဲ့ ကတ်ရှ်ဂါ မြို့ဟောင်း၊ ပါကိစ္စတန်က ရှေးဟောင်း တစီလာ လမ်းဆုံ၊ အာဖဂန နိစ္စတန်က ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း၊ အိန္ဒိယက အရှည်ဆုံးနဲ့ ရှေးအကျဆုံး အိန္ဒု အမွေအနှစ် ရက္ခိဂရိ၊ ကမ္ဘောဒီယားက ပရိခ်ျ ၀ိဟာ၊ လာအိုက Plain of Jars ၊ ဘင်္ဂလာဒေခ်ျ့က ရှေးဟောင်း မြို့ပြ Mahasthangarh ၊ မြန်မာက မြောက်ဦး တို့ ဖြစ်ကြပါတယ်။

အဲဒီက ရှေးခေတ် ဗိသုကာလက်ရာ ရတနာတွေဟာ စီးပွားရေးလုပ်ငန်းများ ထွန်းကား ကျယ်ပြန့်လာမှု၊ လုံလောက်သော ပြုပြင် ထိန်းသိမ်းခြင်း မရှိမူ၊ လုယက်မူ၊ စစ်မက် ဖြစ်ပွားမူနှင့် ခရီးသွားလုပ်ငန်းတွေကြောင့် ပျက်စီး ပျောက်ကွယ်ရမည့်ဘေးနဲ့ ရင် ဆိုင်နေရတယ်လို့ အေးဒီအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
Source:narinjara

No comments:

နေ့မှာ