အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေး
တက်ရောက်ကာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြခြင်းနဲ့ ပတ်သက်ပြီး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်က ၂၀၁၂ မေ ၂ ရက်နေ့တွင်
”လွန်ခဲ့တဲ့ ၁၈ လတာ ကာလကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်
ကျနေပါတယ်။ ဒီကနေ့မှာတော့ ဒီမိုကရေစီခေါင်းဆောင်နဲ့ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် အဖွဲ့ဝင်များဟာ သူတို့အောင်နိုင်ခဲ့တဲ့
မြန်မာလွှတ်တော်အမတ်နေရာတွေကို ရယူခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ
ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီ အဖွဲ့ဝင်တွေရဲ့
အခန်းကဏ္ဍနဲ့ အသံတွေကို အစိုးရထဲမှာ မြင်တွေ့ ကြားသိလာရတော့မှာပါ။
ဒီမိုကရေစီရေး ခေါင်းဆောင်တွေ၊ အသစ် ရွေးချယ် တင်မြှောက်ခံရတဲ့
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို ကိုယ်စားပြုမှု၊ တုန့်ပြန်မှု
ပိုမို ရရှိစေတဲ့ အစိုးရတရပ် ရရှိအောင် စွမ်းအင်သတ္တိနဲ့ ပါဝင်
လုပ်ကိုင်ခဲ့ကြတဲ့ မဲဆန္ဒရှင် ထောင်ပေါင်းများစွာတို့ကို ကျွန်မရဲ့
ဂုဏ်ပြုစကား ပေးပို့လိုပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့လည်း
ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အရေးကြီးတဲ့
ခရီးရှည်ကြီးကို လျှောက်လှမ်းဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။
ဒီအချိန်ဟာ မြန်မာ့အနာဂတ်အတွက် အရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။ ပါတီစုံ
ဒီမိုကရေစီ စနစ်ကို ရှေ့ရှုတဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးကို
ဦးတည်တဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ ပိုမို ကောင်းမွန်တဲ့ လူ့ဘောင်စနစ်ကို
တည်ဆောက်ဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။ ပိုမိုပြီး ဒီမိုကရေစီကျတဲ့၊
လွတ်လပ်တဲ့၊ ငြိမ်းချမ်းတဲ့၊ ကောင်းမွန်တဲ့ အနာဂတ်တခု ရရှိစေမယ့်
အခွင့်အလမ်းသစ်တွေ ရရှိအောင်၊ စိန်ခေါ်မှုတွေ ဖြတ်သန်းနိုင်အောင် အတူတကွ
လုပ်ကိုင်နိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများက
ကိုယ်စားလှယ်များ၊ တိုင်းရင်းသားမျိုးနွယ်စုများအတွက် ကျမ လေးစား
ဂုဏ်ယူမိပါတယ်။” ” လို့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်ဟာ ၂၀၁၁ နိုဝင်ဘာ ၃၀ ရက်နေ့မှ
ဒီဇင်ဘာ ၂ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခဲ့ပြီး
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာသမ္မတ ဦးသိန်းစိန်
အပါအ၀င် မြန်မာအစိုးရ တာဝန်ရှိသူများ၊ အခြားနယ်ပယ်များမှ ပုဂ္ဂိုလ်များနဲ့
တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ထောက်ခံအားပေးတဲ့
နိုင်ငံတနိုင်ငံဖြစ်ပြီး ၂၀၁၂ ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲ
ကျင်းပပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခန့်အပ်မယ့်ကိစ္စ အပါအ၀င်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ အပြောင်းအလဲများကို ကြေငြာခဲ့ပါတယ်။
ကိုးကား
http://www.state.gov/secretary/rm/2012/05/189095.htm
Source:burmatoday
No comments:
Post a Comment