ရန်ကုန်၊ ဧပြီ ၉
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ် နှစ်သိန်းဖြင့် ရောင်းချ နေသော GSM ဖုန်းများမှာ ဧပြီလ ၉ ရက် နေ့တွင် ရန်ကုန်တိုင်း ဒေသ ကြီး၌ လိုင်းဖွင့် ပေးပြီး နောက်ပိုင်း မြို့တွင်း ရှိုဖုန်း အရောင်း ဆိုင်များတွင် နှစ်သိန်း ငါးထောင် ကျပ်မှ နှစ်သိန်း ရှစ်သောင်းကျော် အထိ ရောင်းချ နေကြောင်း ရန်ကုန် မြို့တော် အတွင်းရှိ ဖုန်း အရောင်း ဆိုင်များ ထံမှ စုံစမ်း သိရှိ ရသည်။
ယင်းသို့ ဈေးနှုန်း မတူ ရခြင်းမှာ ဖုန်းနံပါတ် ဂဏန်း ပူးလျှင် ပိုပေးရခြင်းနှင့် သာမန် ဖုန်းနံပါတ် များမှာ နှစ်သိန်း ငါးထောင်ကျပ် ဝန်းကျင်ဖြင့် ဆိုင်များက ဈေးအမျိုးမျိုးဖြင့် ရောင်းချ နေကြကြောင်း ဧပြီလ ၉ ရက် နေ့တွင် နှစ်သိန်း ဖုန်းဝယ်ယူသည့် ကုမ္ပဏီ ဝန်ထမ်း အမျိုးသမီး တစ်ဦးက ပြောသည်။
"နှစ်သိန်းဖုန်းက နှစ်သိန်းတန် မရှိတော့ဘူး။ ပူးတဲ့ နံပါတ် ရွေးဖို့ပဲ ရှိတယ်၊အဲဒါကလဲ နှစ်သိန်း တစ်သောင်း ကနေ ခုနှစ် သောင်း ရှစ်သောင်း အထိ ရှိတယ်" ဟု မြို့တွင်း ဖုန်းဆိုင် များတွင် ဈေးလိုက်လံ စုံစမ်း ပြီးနောက် New Mobile ဖုန်းဆိုင်တွင် နှစ်သိန်း ငါးထောင်ဖြင့် ဖုန်းကတ် ဝယ်ယူခဲ့သူ ဆေးကုမ္ပဏီ ၀န်ထမ်း အမျိုးသား တစ်ဦးက ပြောကြား သည်။
ဖုန်းအရောင်းဆိုင် အချို့တွင်လည်း ဖုန်းလိုင်း ကတ်များ ပြတ်လတ် သွားသဖြင့် E-lite tech တွင် ဖုန်းကတ်များ ထပ်မံ ဝယ်ယူရာ သင်္ကြန်အပြီးတွင် မှရရှိမည် ဖြစ်ကြောင်း E-lite တွင် ဧပြီ ၉ရက်နေ့က ဖုန်းကတ် ၅၀ လာရောက် ဝယ်ယူ သည့် ဆိုင်ရှင် အမျိုးသား တစ်ဦးက ပြောကြားသည်။
ဖုန်းကတ်များ ရောင်းချရာ တွင်လည်း အချို့ဆိုင် များတွင် ဟန်းဆက် မဝယ်ယူပါက Sim card ရောင်းမ ပေးခြင်း မျိုးရှိကြောင်း ယင်းဆိုင်များ ထဲမှ စင်းမလား ဖုန်းဆိုင်တွင် ဈေးသွားရောက် စုံစမ်းခဲ့သူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တော် အတွင်းတွင် နယ်ဖုန်း ကတ်များ ရောင်းချ ထားသည့် ဖုန်းဆိုင် အချို့မှာ ရန်ကုန် ဖုန်းလိုင်းများ ဖွင့်သည့် ဧပြီ ၉ရက်နေ့တွင် ရန်ကုန်တွင် သုံးမရသေးပဲ မေလ ရောက်မှသာ သုံးနိုင်မည် ဖြစ်သဖြင့် ဖုန်းဝယ်သူများ နှင့်ပြသနာများ ဖြစ်ပေါ်လျက် ရှိကြောင်း ရန်ကုန်တွင် ဆိုင်ခွဲများစွာ ဖွင့်ထားသည့် ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူက The Voice Weekly သို့ပြောကြားသည်။
Source:FB
No comments:
Post a Comment