Tuesday, 03 April 2012 20:11
ပြောင်းလဲလိုက်သော အဖွဲ့အစည်းနာမည်မှာ ကလို့ထူးဘော ကရင်အမျိုးသား အစည်းအရုံး (Klohhtoobor Karen Organization) ဖြစ်ပါသည်။ အဖွဲ့အစည်း၏ အဆင့်ဆင့် ဖွဲ့စည်းပုံကို မဲစနစ်ဖြင့် ရွေးချယ်ရာ၊ ဥက္ကဌအဖြစ် မန်းရောဘတ်ဇန် (ဖူးကီးဒို) ဒု-ဥက္ကဌစောမိုရှေး၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက် အတွင်းရေးမှူး (၁) နော်ကော်သူးလေလားဖော၊ တွဲဘက် အတွင်းရေးမှူး (၂) စောလုံ့လုံ တို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ဗိုလ်ချုပ် စောလားပွယ်မှာ KKO အဖွဲ့၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူမည်ဖြစ်သည်။ ယခုရွေးချယ်လိုက်သော ကလို့ထူးဘော ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌသည်၊ KNU တပ်ရင်းမှူးဟောင်း တဦးဖြစ်ပြီး၊ KNU ဥက္ကဌဟောင်းမန်းဘဇံ၏ သားလည်း ဖြစ်ပါသည်။ KKO သည်၊ အောက်ပါ ဌာများနှင့် ဖွဲ့စည်းထားပါသည်။
(က) ကာကွယ်ရေး ဌာန၊ (ခ) နိုင်ငံခြားရေးဌာန၊ (ဂ) ကျန်းမာရေးဌာနနှင့် စီးးပွားရေးဌာန၊ ပညာရေးဌာန အပါအအ၀င် ဌာန ၁၂ ခုနှင့် ဖွဲ့စည်းထားပါသည်။
ညီလာခံကို ကရင်ပြည်နယ် မြ၀တီခရိုင် ဆုံဆည်းမြိုင် ဒီကေဘီအေ ဌာနချုပ်တွင် ကျင်းပပြီး လူပေါင်း (၄၀၀) ကျော်တက် ရောက်ခဲ့သည်ဟု ပြောခွင့်ရသူ ဗိုလ်မှူးဆန်းအောင်က ဆိုပါသည်။ တက်ရောက် သူများမှာ KNU ဒူးပလာယား ခရိုင်မှ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြိုင်ကြီးငူနှင့် ကျုံဒိုးဒေသများမှ ဖြစ်ပါသည်။
ဒီကေဘီအေ ခေါ် (KKO)သည်၊ ကရင် တမျိုးသားလုံး သွေးစည်း ညီညွတ်ရေးအတွက် ဦးတည်ကြောင်း၊ ကရင့် နိုင်ငံရေး လုပ်ငန်းစဉ်၌ ပါဝင်နိုင်ရန် နိုင်ငံရေးအဖွဲ့အစည်းတရပ် ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ (KKO) မှ ချမှတ်ထားသော သဘောထား လမ်းစဉ်များကိုလည်း လူထုဆန္ဒခံယူမည်ဖြစ်ကြောင်း၊ စသည့်ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင်က ဆိုပါသည်။
ဒီကေဘီအေသည်၊ ၂၀၁၂ ခုနှစ် ဇန္နာဝါရီလတွင်၊ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ၄င်းတို့သည်၊ အစိုးရ၏နယ်ခြား စောင့်တပ် အစီစဉ်ကို လက်မခံရာက ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည် တိုက်ခိုက်ခဲ့ပါသည်။ DKBA သည် အစိုးရနှင့် အပစ်ရပ်ပြီးနောက်ပိုင်းမှာလည်း အစိုးရ၏နယ်ခြား စောင့်တပ်နှင့် လက်နက် သိမ်းဆည်းရေး ပဋ္ဋိပက္ခ ဖြစ်ပွားခဲ့ပါသည်။
Source:phophtaw
No comments:
Post a Comment