- 04 April 2012
"CPI ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန်အတွက် လိုအပ်သော လုပ်ငန်းတာဝန်ခံ၊ လမ်းအင်ဂျင်နီယာနှင့် လုပ်သားစုစုပေါင်း (၅၀၀) ဦးအား ယာယီနေထိုင်ခွင့်ကဒ်ပြား (Yellow Card) ထုတ်ပေးရန်" ဟူ၍ မြန်မာဘာသာဖြင့် မတ်လ ၂၈ ရက်စွဲနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ လိပ်မူထားပြီး ထိန်ချုံး-မြစ်ကြီးနားလမ်း ဆက်ဆံရေးရုံးတာဝန်ခံက တရုတ်ဘာသာဖြင့် ၎င်း၏ လက်မှတ်ရေးထိုးထားသည့်စာကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) က ထုတ်ဖော် လိုက်သည်။
တဆက်တည်းတွင် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သော ဒီဇယ်ဆီ တန်(၁၀၀၀)၊ ဓါတ်ဆီ တန် (၂၀၀)၊ ဘိလပ်မြေ တန် (၁၀၀၀၀)၊ မြေတူးစက် (၅) စီး၊ မြေကော်စက် (၆) စီး၊ မြေစာတင်ယာဉ် (၈) စီး၊ လူစီးမော်တော်ကား (၂၀) စီး၊ အခြားလုပ်ငန်းခွင်သုံးစက်ယန္တရားများနှင့်အတူ စားနပ်ရိက္ခာအသုံးအဆောင်ပစ္စည်းများကို ကန်ပိုက်တီနယ်စပ်ဂိတ်မှ အခွန်ကင်းလွတ်ခွင့်ဖြင့် ၀င်ရောက်လိုကြောင်း ဆိုထားသည်။
ယခုစာကြောင့် ယခင်နှစ် စက်တင်ဘာလ ၃၀ ရက်က သမ္မတဦးသိန်းစိန်က ၎င်း၏အစိုးရသက်တမ်းတွင် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရွှေ့ဆိုင်းမှုမှာ မှန်ကန်မှုမရှိကြောင်း ခိုင်မာသည့်သက်သေ အထောက်အထား ဖြစ်သည်ဟု ဆိုသည်။
"CPI က ဒီစီမံကိန်းကို ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး။ အခု သူတို့ နောက်ထပ် စက်ယန္တရားတွေနဲ့ အလုပ်သမားတွေ ထပ်ခေါ်နေတယ်။" ဟု KNDG မှ မအားနန်က ဧပြီ ၃ ရက် အင်္ဂါနေ့က ၎င်းတို့၏ကြေညာချက်တွင်ဆိုသည်။
ဆက်လက်၍ "မြစ်ဆုံရေကာတာ တကယ်ရပ်တယ်ဆိုရင် အစိုးရက နောက်ထပ်အလုပ်သမားသစ်တွေ ၀င်ခွင့်မပြုရဘူး။ ကျန်နေသေးတဲ့ အလုပ်သမားတွေကိုပါ တရုတ်ပြည်ပြန်ပို့ရမယ်။" ဟုဆိုသည်။
သမ္မတဦးသိန်းစိန်က ၎င်းစီမံကိန်းကိုရွှေ့ဆိုင်းပြီးနောက် လအတန်ကြာသည်အထိ ထိုစီမံကိန်းဒေသအတွင်း တရုတ်အလုပ်သမား ၂၀၀ ရှိနေဆဲဖြစ်သည်ဟု လတ်တလော ထုတ်ဝေသည့် Bloomberg BussinessWeek ၏ တရုတ်ဘာသာအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
စီမံကိန်းကြောင့်မောင်းထုတ်ခံရသည့် ဒေသခံ ၂၀၀၀ ကျော် ပြန်လည်နေထိုင်ခွင့်မရှိ
သမ္မတဦးသိန်းစိန်က စီမံကိန်းရွှေ့ဆိုင်းထားသော်လည်း ယင်းအတွက် မောင်းထုတ်ခံရသည့် ကျေးရွာ ၅ ခုက ဒေသခံ ၂၀၀၀ ကျော်ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ နေရပ်သို့ ပြန်လည်နေထိုင်ခွင့်မရှိပါ။
ယခင်လက မြန်မာစစ်သားများ တန်ဖဲကျေးရွာသို့ရောက်ရှိလာသည်။ ၎င်းတို့မှာ စီမံကိန်းရွှေ့ဆိုင်းလိုက်ပြီး နောက် တန်ဖဲကျေးရွာသို့ ပြန်လည်နေထိုင်လာကြသော ဒေသခံများကို အတင်းအဓမ္မမောင်းထုတ်ရန် အတွက်ဖြစ်သည်ဟု သိရသည်။
ပေ ၅၀၀ အမြင့်ရှိလာမည့် ဧရာဝတီမြစ်ဆုံရေကာတာသည် CPI ကုမ္ပဏီက မေခနှင့် မလိခမြစ်များပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်း ၇ ခုအနက် အကြီးဆုံးဖြစ်သည်။
ထိုစီမံကိန်းများကြောင့် ရေ၀ပ်ဧရိယာသည် စင်္ကာပူနိုင်ငံအကျယ်အ၀န်းထက် ကြီးမား၍ လူသန်းပေါင်းများစွာကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်သကဲ့သို့ မြန်မာနိုင်ငံ၏ဆန်အိုးကြီးတည်ရှိရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုပါ ရိုက်ခတ်နိုင်သည်ဟု ရေကာတာတည်ဆောက်မှု ဆန့်ကျင်သူများက ဝေဖန်ထားသည်။
ထိုစီမံကိန်း ၇ ခုမှ ထွက်လာမည့် လျှပ်စစ်ဓါတ်အားသည် Three Gorges Dam ရေအားလျှပ်စစ်ထုတ်လုပ်မှုနှင့် တူညီမှုရှိမည်ဖြစ်ပြီး ၎င်းတို့အား CPI ကုမ္ပဏီက မြန်မာအစိုးရ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အေးရှားလ်ဝေါလ်ကုမ္ပဏီတို့နှင့် ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်သည်။
အေးရှားလ်ဝေါလ်ကုမ္ပဏီအား ဘိန်းဘုရင် လောစစ်ဟန်နှင့် သူ့၏သား ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော တို့ ပူးပေါင်းပိုင်ဆိုင်ပါသည်။ ၎င်းတို့သားအဖအား မူးယစ်ရာဇာ၊ ငွေကြေးခ၀ါချသူများအဖြစ် အမေရိကန်အစိုးရက သတ်မှတ်ထားသည်။
Source:kachinnews
No comments:
Post a Comment