မူလစာမျက်နှာ

Sunday, 29 April 2012

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန် တတိယအကြိမ်မြောက်ခရီးစဉ် မြန်မာနိုင်ငံသို့ ဧပြီလ၂၉ ရက်နေ့တွင် ရောက်ရှိလာ၊






မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်ထွန်းရေး ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန် တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဧပြီလ၂၉ ရက်နေ့တွင် ရောက်ရှိလာ၊ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမည်ဖြစ
်ပြီး ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောမည်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်ထွန်းရေး ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်သည် တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဧပြီလ ၂၉ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဦးစွာရောက်ရှိလာခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ပြည်တွင်းမီဒီယာအချို့နှင့် နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်တွင် တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့်မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လည်းကောင်း၊ နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လည်းကောင်း၊ နံနက် ၁၀ နာရီ ၄၀ အချိန်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် လည်းကောင်း အသီးသီးတွေ့ဆုံပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း သိရှိရသည်။

ထို့နောက် နေပြည်တော်မှ ရှမ်းပြည်နယ် ဟဲဟိုးမြို့သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ပြီး ဟဲဟိုးမှကျောက်ကချား UNODC စီမံကိန်း (ဟိုပုန်း မြို့နယ်)သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ကျောက်ကချားရှိ UNODC စီမံကိန်းနှင့် နိုင်ငံတော်အစိုးရတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးစီမံကိန်းနှင့် ဒေသခံတို့အား မျိုးစပါးဖြန့်ဖြူးပေးမှု အခြေအနေများကို သွားရောက်လေ့လာမည် ဖြစ်ကြောင်း သိရှိရသည်။

ဘန်ကီမွန်သည် ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မေလ ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန်လည်း စီစဉ်ထားကြောင်း သိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့တွေ့ဆုံဆွေးနွေးမှုမှာ ပထမဆုံးအကြိမ် ဖြစ်လာမည်ဖြစ်သည်။

''ယခုခရီးစဉ်မှာ ကျွန်တော့်အနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောနိုင်ဖို့ မျှော်လင့်နေပါတယ်''ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာနိုင်ငံသို့ မလာရောက်မီ ကုလသမဂ္ဂဌာနချုပ်တွင် ဧပြီလ ၂၃ ရက်နေ့က ပြောကြားထားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ မြန်မာနိုင်ငံခရီးစဉ်တွင် အဖွဲ့ဝင် ၂၄ ဦး လိုက်ပါလာပြီး မေလ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း သိရှိရသည်။

ဘန်ကီမွန်က မြန်မာနိုင်ငံ၏ အကူးအပြောင်းသည် အရေးကြီးသည့် အချိန်ကာလသို့ ရောက်ရှိနေပါကြောင်းနှင့် ယခုအချိန်သည် နိုင်ငံတကာအသိုင်းအ၀ိုင်းအတွက် မြန်မာနိုင်ငံဘက်တွင် အတူရပ်တည်ရမည့် အချိန်ဖြစ်ပါကြောင်းလည်း မြန်မာနိုင်ငံသို့ မလာရောက်မီ ပြောကြားထားသည်။

ထို့ပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ဆိုင်းငံ့မှု အပါအ၀င် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက အရေးယူပိတ်ဆို့မှုများကို စတင် ဖြေလျှော့ပေးလာမှုများကို ကြိုဆိုပါကြောင်းလည်း ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် ဒီမိုကရေစီဖြစ်ထွန်းရေးလုပ်ငန်းစဉ်၏ တိုးတက်ပြောင်းလဲလာမှုကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ အနာက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောအရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ဆိုင်းငံ့မှုများ ယခုအခါ ပြုလုပ်လျက်ရှိနေသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က သမ္မတဦးသိန်းစိန် အကောင်အထည် ဖော်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကြောင့် အားတက်မိပါကြောင်းနှင့် မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ရယူမည် ဖြစ်၍ ပြင်ဆင်မှုများ ဆောင်ရွက်နေရာ မြန်မာနိုင်ငံအား နိုင်ငံတကာ အသိုက်အ၀န်းက ကူညီကြရန် တိုက်တွန်း ပြောကြားထားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် စနစ်ကျစွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့် အတွက် မြန်မာအစိုးရနှင့် မြန်မာပြည်သူများကို ချီးကျူးဂုဏ်ပြုပါကြောင်း ဧပြီလ ၂ ရက်နေ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်သည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် မေလနှင့် ၂၀၀၉ ခုနှစ် ဇူလိုင်လများတွင် လာရောက်ခဲ့ဖူးသည်။
Source:FB

No comments:

နေ့မှာ