မူလစာမျက်နှာ

Tuesday, 17 April 2012

ဧရာဝတီ အင်တာနက်စာမျက်နှာ ဖောက်ထွင်း တိုက်ခိုက်ခံရ

http://www.irrawaddyblog.com/2012/04/blog-post_17.html
၂၀၁၂၊ ဧပြီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့ အခြေစိုက် ပြည်ပသတင်းဌာနတခု ဖြစ်တဲ့ ဧရာဝတီရဲ့ မြန်မာဘာသာနဲ့ ဖော်ပြနေတဲ့ အင်တာနက်စာမျက်နှာ (http://burma.irrawaddy.org/) နဲ့ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြနေတဲ့ အင်တာနက်စာမျက်နှာ (http://www.irrawaddy.org/) နှစ်ခုစလုံး ဖောက်ထွင်း ၀င်ရောက်ခံရကြောင်း ဧရာဝတီဘလော့ဂ်စာမျက်နှာ (http://www.irrawaddyblog.com/2012/04/blog-post_17.html) တွင် ၂၀၁၂ ဧပြီ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက ဖော်ပြထားပါတယ်။ ဧရာဝတီဟာ သင်္ကြန်အားလပ်ရက်အဖြစ် ဧပြီ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရပ်နားထားစဉ် အခုလို တိုက်ခိုက်ခံရခြင်း ဖြစ်ပါတယ်။ ပြည်ပ အခြေစိုက် မြန်မာသတင်းဌာနတွေရဲ့ အင်တာနက်စာမျက်နှာတွေ အကြီးအကျယ် တိုက်ခိုက်မခံရတာ အချိန်အနည်းငယ်တော့ ကြာခဲ့ပါပြီ။ သို့သော်လည်း ၂၀၁၁ ခုနှစ်အတွင်းကတော့ ရံဖန်ရံခါ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေနဲ့ ကြုံတုန်းက ယနေ့မြန်မာရဲ့ အီးမေးလ်နဲ့ မုခစာမျက်နှာ (ဖေ့စ်ဘွတ် - Facebook) က စကားဝှက် (Password) တွေ ပါသွားခဲ့ဘူးပြီး တိုက်ခိုက်သူတွေက ယနေ့မြန်မာ အင်တာနက်စာမျက်နှာကို ဖောက်ထွင်းဖို့ ကြိုးစားခဲ့ဘူးပါတယ်။ ယနေ့မြန်မာရဲ့ အီးမေးလ် စကားဝှက် ခိုးယူသူများအနက် တဦးက အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်အနီး အရပ်တခုက အင်တာနက်လိပ်စာတခုကို အသုံးပြုခဲ့ပါတယ်။ ထိုသို့ တိုက်ခိုက်ခံရမှုကို ကျွန်တော်တို့အနေနဲ့ နာရီအနည်းငယ်အတွင်း ပုံမှန်အခြေအနေဖြစ်အောင် ပြန်လည် ထိမ်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ဖောက်ထွင်းသူတွေ အသုံးပြုတဲ့နည်းကတော့ ဖေ့စ်ဘွတ် အင်တာနက်စာမျက်နှာအတု တခု ပြုလုပ်ပြီး အီးမေးလ် စကားဝှက်ကို ရယူတဲ့နည်း ဖြစ်ပါတယ်။ ဧရာဝတီအင်တာနက်စာမျက်နှာတွေအနေနဲ့ ၂၀၁၁ မတ်လ ၁၂ ရက်နေ့က ဖောက်ထွင်း ၀င်ရောက် တိုက်ခိုက်ခံရပြီး သတင်းမှားတွေ ဖော်ပြခဲ့တာ ကြုံခဲ့ရဘူးပါတယ်။ ထိုစဉ်က မေဆွိ သေဆုံးတဲ့ သတင်းနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်ပ မီဒီယာတို့အကြား ပြဿနာ ဖြစ်နေတယ်ဆိုတဲ့ သတင်းနှစ်ပုဒ်ကို ဖော်ပြသွားခဲ့ပါတယ်။ ပြည်ပ မီဒီယာများ အပြင်းထန်ဆုံး တိုက်ခိုက်ခံရတာကတော့ ၂၀၀၈ စက်တင်ဘာ ၁၆ ရက်နေ့က ဖြစ်ပြီး ဒီမိုကရက်တစ် မြန်မာ့အသံ၊ ဧရာဝတီ၊ ခေတ်ပြိုင်နဲ့ ဟစ်တိုင် အင်တာနက်စာမျက်နှာတွေ တပြိုင်ထဲလိုလို ဒီဒီအိုအက်စ် (DDoS) နည်းနဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။ ထိုနည်းတူ ၂၀၀၈ ဇူလိုင် ၂၀ ရက်မှ စတင်ပြီး ရက်အတန်ကြာ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ အင်တာနက်စာမျက်နှာ တိုက်ခိုက်ခံခဲ့ရသလို ၂၀၀၈ ဇူလိုင် ၂၇ ရက်နေ့တုန်းကလည်း မဇ္ဈိမ အင်တာနက်စာမျက်နှာတွေ တိုက်ခိုက်ခံခဲ့ရပါတယ်။ ထို့အပြင် ၂၀၁၀ စက်တင်ဘာ ၂၆ ရက်နေ့က ဧရာဝတီ အင်တာနက် စာမျက်နှာ တိုက်ခိုက်ခံရပါတယ်။ ထို တိုက်ခိုက်မှုတွေအားလုံးတွင် တိုက်ခိုက်သူများက ဒီဒီအိုအက်စ် (DDoS) နည်းကို အသုံးပြုခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်အတွင်းနဲ့ ၂၀၀၅ - ၂၀၀၆ ခုနှစ်အတွင်းက ယနေ့မြန်မာ အသုံးပြုနေတဲ့ ကွန်ပြူတာတွေကို တိုက်ခိုက်ခံရသလို ယနေ့မြန်မာ အင်တာနက်စာမျက်နှာကို ဖောက်ထွင်းဖို့ ကြိုးစားခဲ့မှုများကိုလည်း အနည်းဆုံး တကြိမ် ကြုံတွေ့ခဲ့ရဘူးပါတယ်။ ယခင်ကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ ပြည်ပ သတင်းဌာနများကို ရန်သူသဖွယ် မြင်နေတယ်လို့ အများက သုံးသပ်ပြီး တိုက်ခိုက်ခံရမှုများနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေရဲ့ လက်ချက်လို့ ရှုမြင်တတ်ကြပါတယ်။ အခုအချိန်မှာတော့ ထိုင်းနဲ့ အိန္ဒိယရှိ မြန်မာသတင်းဌာနတွေနဲ့ မြန်မာအာဏာပိုင်တွေအကြား အတန်အသင့် နွေးထွေးတဲ့ ဆက်ဆံမှု ရှိနေတာကြောင့် ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်သလဲဆိုတာကတော့ နည်းနည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဧရာဝတီ အင်တာနက်စာမျက်နှာ ဖောက်ထွင်း ၀င်ရောက်ခံရမှုဟာ (ကျွန်တော်တို့ သိသလောက်) အနည်းဆုံး နှစ်ကြိမ် ဖြစ်နေတဲ့အတွက် တိုက်ခိုက်သူတွေအနေနဲ့ ဧရာဝတီရဲ့ လုံခြုံရေးစနစ် အားနည်းချက်ကို သိနေသလားလို့ သံသယ ဖြစ်ဖွယ် ဖြစ်နေပါတယ်။ ဧရာဝတီ တာဝန်ရှိသူတွေက ဘယ်သူဘယ်ဝါ၊ ဘယ်နေရာက တိုက်ခိုက်နိုင်တယ်ဆိုတာကို ထုတ်ဖော် ပြောကြားခြင်း မရှိသလို ဖောက်ထွင်း ၀င်ရောက်သူများဘက်ကလည်း ထုတ်ဖော် ကြေငြာတာကို မတွေ့ရသေးပါဘူး။ 
Source:burmatoday

No comments:

နေ့မှာ