မူလစာမျက်နှာ

Tuesday, 27 March 2012

မျိုးချစ်မြန်မာများ၏ မျိုးချစ်ဂုဏ်ရည် ဆု

20120327 FFSS (RGN)
ပြည်ပရောက် မျိုးချစ်မြန်မာများ စုပေါင်း ဖွဲ့စည်းထားသော Patriotic Award Committee မှ ပထမဦးဆုံးအကြိမ် ပြည်တွင်းရှိ လူမှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် အသက်၊ သွေး၊ ချွေး ရင်းပြီး လုပ်ကိုင်နေကြသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်သော မျိုးချစ်ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားအား ၂၆၊ ၃၊ ၂၀၁၂ ရက်နေ့ နေ့လည် (၂း၀၀) နာရီအချိန်တွင် နာရေး ကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ Patriotic Award Committee အား ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ (၁၅) ရက်မှာ နိုင်ငံတကာရောက် မြန်မာများနှင့် စတင် ဖွဲ့စည်းခဲ့သည်။ ဆရာတော် အရှင်မေတ္တာစာရသည် ယင်းအဖွဲ့အစည်း၏ သြဝါဒစရိယ နှင့် နာယက ဖြစ်သည်။ Patriotic Award Committee သည် အမေရိကန်နိုင်ငံ အိုင်အိုဝါမြို့၌ အခြေစိုက်တည်ရှိပြီး ပထမဦးဆုံးအကြိမ် မျိုးချစ်ဂုဏ်ရည်ဆုအား ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် နာရေးကူညီ မှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်အား ချီးမြှင့်ပေးအပ်ခဲ့သည်။ ၈၈ ကျောင်းသားခေါင်း ဆောင်များအတွက် ဆုတံဆိပ်အား အချိန်မီ ရရှိခဲ့သော်လည်း ဒေါ်ရွှေဇီးကွက်အတွက် ဆုတံဆိပ်အား အချိန်မီ မပေးအပ်နိုင်ကြောင်းနှင့် လပိုင်း (သို့) နောက်နှစ်အခမ်းအနားတွင် ချီးမြှင့်ပေးအပ်မည့်အကြောင်း အရှင်မေတ္တာစာရမှ မိန့်ကြားခဲ့သည်။ မျိုးချစ်ဂုဏ်ရည်ဆု ရွေးချယ်ရေးအဖွဲ့သည် အွန်လိုင်းလူမှုကွန်ယက်မှ စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ မျိုးချစ်ဂုဏ်ရည်ဆုအား နိုင်ငံတကာရောက် မျိုးချစ်မြန်မာများ မှ မျိုးချစ်စိတ်ဓါတ်အပြည့်ဖြင့် ဝိုင်းဝန်းကူညီခဲ့ခြင်း ဖြစ်သည်။ လူမျိုးခြား၊ ဘာသာခြားများလည်း ပါဝင်ခဲ့သည်။ ဆရာတော် အရှင်မေတ္တာစာရ၏ အမှာစကားအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ဖတ်ကြားရာတွင် မျိုးချစ်ဂုဏ်ရည်ဆုနှင့် ပတ်သက်၍ အမျိုးချစ်တာနှင့် တမျိုးသားလုံးကို ချစ်တာကို မရောစေသင့်ကြောင်း၊ ကွဲကွဲပြားပြား သိသင့်ကြောင်း၊ ရှမ်း - မွန် - ရခိုင် - မြန်မာ - ကချင် - ကယား - ကရင်တို့ကို ချစ်တာဟာ တသီးပုဂ္ဂလ လူမျိုးစွဲ၊ အမျိုးစွဲအား ချစ်တာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဂျူး စသည့်ဘာသာတရားများကို ချစ်မြတ်နိုးခြင်းသည် တသီးပုဂ္ဂလ အယူဝါဒများကို ချစ်မြတ်နိုးခြင်းသာဖြစ်ကြောင်း၊ ယခု ပေးအပ်ချီးမြှင့်သည့် မျိုးချစ်ဂုဏ်ရည်ဆုသည် ယင်းတို့နှင့် ပတ်သက် ဆက်နွယ်မှု မရှိကြောင်း တမျိုးသားလုံးနှင့် သက်ဆိုင်သော ဆုတဆုဖြစ်ကြောင်း၊ အသက် - သွေး - ချွေး များနှင့် တိုင်းပြည်အတွက် ပေးဆပ်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်သည့်ဆု ဖြစ်ကြောင်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မြတ်ဗုဒ္ဓ၏ လမ်းစဉ်အမှန်ပင်ဖြစ်ကြောင်း စသည့်စကားများကို အရှင်မေတ္တာစာရ ကိုယ်စား ဦးကျော်သူက ဖတ်ကြားသွားခဲ့သည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ၈၈ ကျောင်းသားခေါင်းဆောင်များအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား နာရေး ကူညီမှုအသင်း(ရန်ကုန်) ရာသက်ပန်အသင်းသား တေးသံရှင် ကိုဆောင်းဦးလှိုင်က ဂုဏ်ပြုဆုငွေ ချီးမြှင့် ပေးခဲ့သည်။ ၈၈ ကျောင်းသားများ ဦးဆောင်ဖွင့်လှစ်ထားသော လေ့ကျင့်သင်ကြားရေးခန်းမအတွက် စားပွဲ ပါ စာသင်ခုံ အလုံး (၂၀) အား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် လ/ထ အုပ်ချုပ်ရေးမှူး ဒေါ်စောသဉ္ဇာစိုး တို့က ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ မမီးမီးတို့အား ပေးအပ် လှူဒါန်းခဲ့သည်။ ထို့ပြင် စင်ကာပူနိုင်ငံရောက် ဦးသက်တင် ဇနီး ဒေါ်ရွှေပြည်စိုး (မိသားစု) တို့မှတဆင့် လှူဒါန်းထားသော လည်ကတုံးရှပ်အင်္ကျီနှင့် လုံချည် စုစုပေါင်း အစုံ (၂၀) တို့အား ဆက်လက်လှူဒါန်းပေးခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသားများအဖွဲ့ကိုယ်စား ကိုမင်းကိုနိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ရာတွင် “ယခုလို ပြည်ပမှ မျိုးချစ်မြန်မာများ၏ ချီးမြှင့်သော ဆုကို ရရှိခြင်းသည် မိမိတို့အတွက် ခွန်အားတရပ်ပင်ဖြစ်ကြောင်း ပြောကြားခဲ့ကာ ယခု အခမ်းအနားတွင် ရောက်ရှိနေသော ၈၈ ကျောင်းသားတဦး ရှိနေကြောင်း၊ ထိုသူအား မိမိတို့အနေဖြင့် ပြန်လည်၍ အသိအမှတ်ပြုသောအားဖြင့် လည်ကတုံးရှပ်အင်္ကျီနှင့် ကချင်လုံချည်တစုံအား ဂုဏ်ပြုလက်ဆောင်အဖြစ် ပြန်လည် ချီးမြှင့်လိုကြောင်း၊ ထိုသူမှာ ဆောင်းဦးလှိုင်ပင် ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး ကိုဆောင်းဦးလှိုင်အား လက်ဆောင် ပေးအပ် ချီးမြှင့်ခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ မျိုးချစ်ဂုဏ်ရည်ဆု ဂုဏ်ပြုငွေ ချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ရာ “မိမိတို့ထက် ပိုမို၍ အနစ်နာခံ ပေးဆပ်ခဲ့သူများဖြစ်သော ၈၈ ကျောင်းသားအဖွဲ့နှင့် တပြိုင်နက်တည်း ချီးမြှင့်ခံရခြင်း အတွက် များစွာ ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ မိမိတို့၏ ပေးဆပ်မှုများသည် ၈၈ ကျောင်းသားများ အိပ်နေသလောက်သာ ရှိပါကြောင်း၊ ထို့ကြောင့် မိမိရရှိခဲ့သော ဂုဏ်ပြုဆုငွေထဲမှ ငွေ (၅) သိန်းကျပ်အား ၈၈ ကျောင်းသားအဖွဲ့အတွက် မိမိမှ ပြန်လည် လှူဒါန်း ပေးအပ်ပါကြောင်း” ပြောကြားခဲ့ရာ အလှူငွေ (၅) သိန်း ကျပ်တိတိအား ၈၈ ကျောင်းသားခေါင်းဆောင်များထံ ပေးအပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသော ဧည့်ပရိသတ်များ၊ ၈၈ ကျောင်းသားအဖွဲ့များနှင့် သတင်းမီဒီယာအဖွဲ့သားများအား ကော်ဖီနှင့် မုန့်တို့ဖြင့် ဧည့်ခံ ကျွေးမွေးကာ မျိုးချစ်ဂုဏ်ရည်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတော့သည်။
20120327 FFSS (RGN)
20120327 FFSS (RGN)
20120327 FFSS (RGN)
20120327 FFSS (RGN)
20120327 FFSS (RGN)
20120327 FFSS (RGN)
20120327 FFSS (RGN)
20120327 FFSS (RGN)
20120327 FFSS (RGN)
20120327 FFSS (RGN)




20120327 FFSS (RGN)

No comments:

နေ့မှာ