မူလစာမျက်နှာ

Saturday, 24 March 2012

ရှေ့နေချုပ်က လွှတ်တော်တွင် ဘင်္ဂလားဒေ့ရှ် မြန်မာ ရေပိုင်နက် ဆုံးဖြတ်ချက်ကိစ္စ ရှင်းလင်း တင်ပြ

20120323 New Light of Myanmar ၂၀၁၂ မတ်လ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံး မှ
ကြပ်ပြေးနေပြည်တော်တွင် ၂၀၁၂ မတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွန်းသီ က အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာဆိုင်ရာ တရားရုံးတွင် ၂၀၁၂ မတ်လ ၁၄ ရက်နေ့က အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ချက်ဟာ မြန်မာနိုင်ငံက ရှာဖွေ တွေ့ရှိထားတဲ့ ကမ်းလွန်ပင်လယ် သဘာဝဓါတ်ငွေ့သိုက်များနဲ့ လွတ်ကင်းခြင်း ရှိ/ မရှိ အပါအ၀င် နယ်နမိတ် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်က အပိုင်းသုံးပိုင်းခွဲကာ ရှင်းလင်း ပြောကြားသွားပါတယ်။ ထိုသို့ ပြောကြားသွားရာတွင် ဒေါက်တာထွန်းရှင်က တရားရုံးရဲ့ အဆုံးအဖြတ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုတဲ့ ရေပြင်ဧရိယာထက် ၄၁,၉၄၉ စတုရန်း ကီလိုမီတာ ပိုမို ရရှိသွားကြောင်း၊ ကမ်းလွန်ပင်လယ် ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ကွက်တွေကို ထိခိုက်ခြင်း မရှိကြောင်း ရှင်းပြခဲ့တယ်လို့ မတ်လ ၂၃ ရက်နေ့ထုတ် အစိုးရအာဘော်သတင်းစာများတွင် ဖော်ပြထားပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး မတ်လ ၁၄ ရက်နေ့ နေ့စွဲနဲ့ ရေးသားထားတဲ့ ရိုက်တာသတင်းတပုဒ်မှာတော့ ကမ္ဘာ့ကုလသမဂ္ဂခုံရုံးရဲ့ စီရင်ချက်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူ မိုနီ (Dipu Moni) က ပျော်ရွှင် ၀မ်းမြောက်ကြောင်း၊ ဒီကနေ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် နေ့ထူးနေ့မြတ် ဖြစ်ကြောင်း၊ သူတို့ရဲ့ နည်းဗျူဟာကျတဲ့ ရည်မှန်းချက်တွေ အောင်မြင်သွားပြီဖြစ်ကြောင်း ပြောကြားသွားတယ်လို့ ရေးထားပါတယ်။ တဆက်ထည်းမှာပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အဆိုပါဒေသတွင် ဟိုက်ဒရိုကာဗွန် ရှာဖွေရေးလုပ်ငန်းတွေ လုပ်ကိုင်သွားနိုင်တော့မှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ထောင်စု ရှေ့နေချုပ်က လွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်းပြောကြားရာတွင် ယခင် အငြင်းပွားနေတဲ့ စိန့်မာတင်ကျွန်း ပတ်ပတ်လည်က ရေမိုင် ၁၂ မိုင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရရှိသွားကြောင်း၊ သဘာဝဓါတ်ငွေ့ ရှာဖွေနေတဲ့ လုပ်ကွက် အေဒီ ၇၊ အေဒီ ၈ နဲ့ အေဒီ ၉ လုပ်ကွက်များဟာ မြန်မာပိုင်နက်တွင် ရှိကြောင်း၊ နိုင်ငံတကာ အဏ္ဏ၀ါဆိုင်ရာ ခုံရုံးအနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက တောင်းဆိုတဲ့ နယ်နမိတ်မျဉ်းကို မပေးသလို မြန်မာဘက်က တောင်းဆိုတဲ့ နယ်နမိတ်ကိုလည်း မပေးခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အား ပင်လယ်ထွက်ပေါက်ပေးရန် လိုအပ်ခြင်း၊ ကမ်းရိုးတန်း အလွန်အမင်း ချိုင့်ဝင်နေမှုအား မျှတစွာ စဉ်းစားပေးနိုင်ရန် လိုအပ်ခြင်းများကြောင့် ဘင်္ဂလားဒေ့ရှ်အတွက် မျှတတဲ့ ရလဒ် ဖြစ်စေရန် မြန်မာဘက်က အဆိုပြုတဲ့နည်းလမ်းအပေါ်မှာ အခြေခံပြီး မျှမျှတတ သတ်မှတ်ပေးခြင်းဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ ထို အငြင်းပွားမှုကို ဖြေရှင်းရန် နှစ်နိုင်ငံလုံးက နိုင်ငံတကာ ရှေ့နေများကို အသုံးပြုခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂခုံရုံးက စီရင်ချက် ချမှတ်ပြီးတဲ့နောက် အငြင်းပွားဒေသက ရေနံ သဘာဝဓါတ်ငွေ့ ရှာဖွေ တူးဖော်နိုင်ရေးကိစ္စများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာလွှတ်တော်တွင် မြန်မာ ပြည်ထောင်စု ရှေ့နေချုပ် တင်ပြသွားတဲ့ ရေပိုင်နက်များကတော့ ယခင်ကတည်းက မြန်မာ ရေပိုင်နက်အတွင်း တည်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ယခု တရားရင်ဆိုင်မှု ဆုံးဖြတ်ချက်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ သူတို့ တောင်းဆိုတဲ့ ရေပြင်ဧရိယာထက် ၄၁,၉၄၉ စတုရန်း ကီလိုမီတာ ပိုမို ရရှိသွားခြင်း၊ စိန့်မာတင်ကျွန်း ပတ်လည်က ရေမိုင် ၁၂ မိုင်ကို ပိုင်ဆိုင်ရယူနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ၀မ်းမြောက် ၀မ်းသာဖြစ်ရတာလို့ ယူဆနိုင်ပြီး မြန်မာဘက်ကတော့ ဘင်္ဂလားဒေ့ရှ်အတွက် မျှတတဲ့ ရလဒ် ဖြစ်စေဖို့အတွက် အဆိုပြုပေးခဲ့ကြောင်း၊ ဒါ့ကြောင့်လည်း နိုင်ငံတကာ အဏ္ဏ၀ါဆိုင်ရာ ခုံရုံးက မြန်မာဘက်က အဆိုပြုချက်တွေအပေါ် အခြေခံကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် မျှမျှတတ သတ်မှတ်ပေးခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မိပါတယ်။
Source:burmatoday

No comments:

နေ့မှာ