မူလစာမျက်နှာ

Wednesday, 6 July 2011

မွေးမေမေသို့ …


ဒီနေ့ဆိုရင် မေမေနဲ့တကွ အမိကျောင်းတော်ကြီးနှင့် သူငယ်ချင်းများကိုခွဲခွာသွားရတာ ၇ လ ရှိပါပြီကောမေမေ။ ခွဲခွာသွားရတာ ဆိုပေမယ့် ပညာသင်ကြားဘို့ မွေးရပ်မြေကိုစွန့်ခွာခြင်းမျိုးမဟုတ်ဘူးမေမေ။ ပညာသင်ကြားရင်းနဲ့ အမိကျောင်းတော်ကြီးမှ မေမေတို့ကို တသက်လုံး စွန့်ခွာသွားရတဲ့ စွန့်နည်းမျိုးပါမေမေ ….။
သားမောင် စွန့်ခွာလာခဲ့တဲ့ ဇူလိုင်လ ၇ ရက် ၁၉၆၂ ခုနှစ်ကိုတော့ မေမေ့တသက်တာလုံး မေ့ပျောက်လို့ရမှာမဟုတ် ဘူးဆိုတာကိုတော့ သားမောင် ယုံကြည်ပါတယ်။ မေမေနဲ့တကွ ကျောင်းတော်သူ ကျောင်းတော်သားတွေရဲ့ နှလုံး သားထဲမှာ စွဲကျန်ခဲ့တဲ့ နေ့ကြီးပေါ့။
မေမေ။
သားမောင်မရှိတော့လို့ သားကိုလွမ်းသပြီး စိတ်ဆင်းရဲမနေပါနဲ့မေမေရယ်၊ သားတို့ရဲ့ နောင်တော်ကြီး ကိုအောင်ကျော် ကျဆုံးစဉ်က ကိုအောင်ကျော်ရဲ့ မိခင်ကြီးပြောခဲ့သလို “ကျမသားသေလို့ ၀မ်းနည်းရမှာထက်၊ ကျမသားလိုသားမျိုး နောက်ထပ် မမွေးနိုင်တာကို ပိုပြီး ၀မ်းနည်းပါတယ် …” ဆိုတဲ့ စကားမျိုးသာ ကြားစမ်းပါရစေမေမေ။
သားတို့ကို သတ်တဲ့လူယုတ်မာကောင်တွေကို သားတို့ဆယ်သက် မကျေဘူးမေမေ။ သူတို့ဟာ သားတို့ရဲ့ အသက်ကို လက်နက်အားကိုးနဲ့သာ သေအောင်သတ်နိုင်တာပါမေမေ။ သားတို့ရဲ့ ခိုင်မာလှတဲ့ စိတ်ဓာတ်နဲ့ နှလုံးသားကိုတော့ ဘယ်တော့မှ မသတ်နိုင်ဘူးမေမေ။ သားရဲ့ ကိုယ်စားဝိညာဉ်ဟာလဲ မေမေ့ထံပါးနဲ့ အမိတက္ကသိုလ်မှာဘဲ စွဲကျန်လျက် ပါမေမေ။
နေ့စဉ်နေ့တိုင်း မေမေနဲ့ ကျောင်းတော်သူ ကျောင်းတော်သားတွေက သားနဲ့တကွ ကျဆုံးသွားတဲ့ ကျောင်းသားတရာ ကျော်အတွက် ကောင်းရာသုဂတိလားစေဘို့ ဆုတောင်းနေကြတာကို ထပ်လောင်းပြီး စကောလောက်မှ စောက်မ နက်တဲ့ လူယုတ်မာ၊ လူမသမာ လူသတ်ကောင်တွေကို ဘ၀ဆက်တိုင်း လက်စားချေရစေရန် ဆုတောင်းပေးပါတော့ မေမေရယ် ….။
အစဉ်ရိုသေစွာ ကန်တော့လျက် …
သားမောင်
ဤ “မွေးမေမေသို့ .. ” စာစုသည် ၁၉၆၂ ခု ဇူလိုင် (၇) အရေးအခင်းအပြီး လတ်လတ်ဆတ်ဆတ်ကြီး ဖြစ်နေသေး သည့်ကာလ (၇) လအကြာ ရန်ကုန်တက္ကသိုလ် ဒဂုံဆောင် သဟာယနှင့် စာဘတ်အသင်းသစ်မှ ထုတ်ဝေခဲ့သော “ဥဒါန်းမကြေ” ဟု အမည်ပေးထားသော စာစောင်မှ ကောက်နုတ်တင်ဆက်လိုက်ပါသည်။ မူရင်းသတ်ပုံအတိုင်း ဖြစ်ပြီး ကလောင်အမည်ဖော်ပြထားခြင်းမရှိပါ။
ဥဒါန်းမကြေစာစောင်
စာမျက်နှာ – ၆ မှ

No comments:

နေ့မှာ