ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ထောက်ပံ့ငွေ ရှာဖွေသည့်အနေဖြင့် ကနေဒါနိုင်ငံတွင် နေထိုင်နေသည့် မြန်မာလူမျိုးတဦးနှင့် ကနေဒါနိုင်ငံသားတဦးက ကနေဒါအနောက်ဘက်မှ အရှေ့ဘက် ၅၈၀၀ ကီလိုမီတာ (မိုင် ၃၆၀၀ ကျော်) အကွာအထိ စက်ဘီးနင်းကာ ရံပုံငွေရှာ ခရီးထွက်နေသည်။
စက်ဘီးစီးလှုပ်ရှားသူ ကိုစိုးနိုင်နှင့် ကနေဒါနိုင်ငံသား Rod Germaine (ဓာတ်ပုံ - Justride2011.com)
“အလှူငွေ ပိုရအောင်လို့ ထူးထူးခြားခြား လုပ်ပြတာပါ။ အခုဆို ကနေဒါတင်မကဘဲ တခြားနိုင်ငံတွေကပါ သတိထားမိပြီး အလှူငွေထည့်တာတွေ ရှိပါတယ်” ဟု ကိုစိုးနိုင်က မဇ္ဈိမကို ပြောသည်။
အင်္ဂါနေ့အထိ ကနေဒါဒေါ်လာ နှစ်သောင်းခွဲကျော် ရရှိထားကာ ၂၉ ရက်အတွင်း ကီလိုမီတာ ၂၆၀၀ ဝန်းကျင် စီးနင်းလာခဲ့ပြီးဖြစ်သည်ဟုသိရသည်။ ယခုသတင်းပို့ချိန်၌ ကနေဒါနယ်စပ်ရှိ အမေရိကန်နိုင်ငံ Minnesota မင်နီဆိုးတား ပြည်နယ်အတွင်း ဖြတ်သန်းနေသည်။
“ရာသီဥတုက တခါတရံ မုန်တိုင်းရှိလို့ မိုးရွာတာတို့၊ လေက တနာရီ မိုင် ၄၀-၅၀ ကျော် တိုက်တာတွေ ရှိတော့ ခရီးမပေါက်တာတွေတော့ ရှိပါတယ်” ဟု ကိုစိုးနိုင်က ဆိုသည်။ ဖြတ်သန်းရာ ခရီးလမ်းတလျှောက်ရှိ မြန်မာများက ကြိုဆိုမှုများရှိကာ ၎င်းတို့၏ အထုပ်အပိုးများအား ဝိုင်းဝန်းသယ်ပိုးခဲ့သည်များ ရှိသည်ဟု ဆိုသည်။
စက်ဘီးစီးလှုပ်ရှားမှုကို ဆက်သွယ်လှူဒါန်းနိုင်ရန် Justride 2011 အင်တာနက်စာမျက်နှာ ဖွင့်လှစ်ထားပြီး အလှူငွေများကို The Just Aid Foundation မှတဆင့် ထိုင်းမြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းသို့ ထောက်ပံ့ကူညီသွားမည်ဟု သိရသည်။
စက်ဘီးစီးလှုပ်ရှားသူ ကိုစိုးနိုင်နှင့် ကနေဒါနိုင်ငံသား Rod Germaine (ဓာတ်ပုံ - Justride2011.com)
မယ်တော်ဆေးခန်းမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တည်ရှိကာ နှစ်နိုင်ငံနယ်စပ်ရှိ ဆေးဝါးကုသရန် မတတ်နိုင်သူများကို အခမဲ့ကုသပေးနေပြီး ကျန်းမာရေးသင်တန်း၊ လူမှုရေး စောင့်ရှောက်မှု လုပ်ငန်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်နေသည်။
ကိုစိုးနိုင်သည် ၁၉၈၈ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်လာခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် ကနေဒါသို့ ဒုက္ခသည် အစီအစဉ်ဖြင့် ပြောင်းရွှေ့လာခဲ့သည်။ ယခုအခါ ကနေဒါ Kwantien ကောလိပ်တွင် သတင်းနှင့် နည်းပညာ အချက်အလက်ဆိုင်ရာ ကွန်ပြူတာဝန်ထမ်းအဖြစ်ကိုင်နေသည်။
သူနှင့်အတူ စက်ဘီးစီး လှုပ်ရှားမှုတွင် ပါဝင်သူ အသက် ၄၀ နှစ်အရွယ် ကနေဒါနိုင်သား မစ္စတာ Rod Germaine မှာ ဗန်ကူးဗား အခြေစိုက် The Just Aid Foundation အဖွဲ့ကို တည်ထောင်သူတဦးဖြစ်သည်။ ထိုအဖွဲ့ကို ၂၀၀၆ ခုနှစ်ထဲတွင် စတင်တည်ထောင်ခဲ့သည်။
“ကျနော် အာရှမှာနေတုန်းက မြန်မာနယ်စပ်ကိုလည်း ရောက်ခဲ့ပါတယ်။ စစ်အစိုးရကြောင့် ဓားစာခံဖြစ်နေတဲ့ နယ်စပ်က လူတွေရဲ့ အခြေအနေကို ကူညီဖို့ ဖြစ်လာတာပါ” ဟု မစ္စတာ Rod Germaine က မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ဖြေကြားခဲ့သည်။
ယခု စက်ဘီးစီးနင်းမှုသည် ထောက်ပံ့ငွေ ရရှိရုံသာမက မြန်မာ့အရေးကို ဒေသတွင်းက ပိုမိုအာရုံစိုက်လာစေရန်လည်း ရည်ရွယ်ထားကြောင်းလည်း ကိုစိုးနိုင်က ပြောသည်။
မြန်မာ့အရေးကို ကူညီရန် အလှူငွေထည့်နိုင်သလို၊ မည်သူမဆို တနာရီ၊ တရက် စသဖြင့် အချိန်ပိုင်း စက်ဘီးစီးကာ ပါဝင်နိုင်ရန် www.justride2011.com အင်တာနက် စာမျက်နှာ၌ ဖိတ်ခေါ်ထားသည်။
Source:mizzimaburmese
No comments:
Post a Comment