မူလစာမျက်နှာ

Wednesday, 13 July 2011

ကာမိုင်းတွင်ဗုံးကွဲ၊ ဒေသခံ ၂၀ ကျော်ဒဏ်ရာရ

ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ စစ်တပ်များ အကြား တိုက်ပွဲများ လျော့နည်းသွား သော်လည်း တနင်္လာနေ့က ကာမိုင်းမြို့နယ် အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်း ပေါက်ကွဲမှုသည် မိုးညင်း ခရိုင် ဖားကန့် မြို့နယ် ကာမိုင်းမြို့နယ်ခွဲ၌ တပ်စွဲထားသော အစိုးရတပ်စခန်းနှင့် မနီးအဝေး တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရသူများကို မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုပေးထားကြောင်း၊ အစိုးရ အာဏာပိုင်များက လူနာများထံ လာရောက်ကာ ကုန်ကျစရိတ်များအား တာဝန်ယူပေးမည်ဟု ပြောကြားကြောင်း ကချင် သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်းက ဧရာဝတီသို့ ပြောသည်။  

“လူဝင်လူထွက်များပြီး လယ်လုပ်တဲ့ လူတွေများတဲ့ နေရာမှာ အဲဒီလိုမျိုး ဗုံးထောင်တယ် ဆိုတာကတော့ KIA က လုပ်လေ့မရှိဘူး” ဟု ၎င်းက ဆိုသည်။

လိုင်ဇာမြို့ရှိ အမည်မဖော်လိုသူ KIA အရာရှိ တဦးကလည်း ယခု ပေါက်ကွဲမှုသည် KIA တပ်ဖွဲ့ဝင်များ၏ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုသည်။

ပေါက်ကွဲမှုသည် မည်သည့် လက်နက်ကိုင်အဖွဲ့ကြောင့် ဖြစ်ရသည်ကို မသိရသေးသော်လည်း မြန်မာအစိုးရ တပ်ဖွဲ့ဝင်များ၏ လက်ချက် ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်ဟု ကိုနော်ဒင်းက ဆက်ပြောသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။

ပြီးခဲ့သည် လကလည်း မြစ်ကြီးနားမြို့ရှိ အမှတ် ၁ ရဲစခန်းနှင့် လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဗုံး ၂ လုံး ပေါက်ကွဲခဲ့သည်။

၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ KIA တပ်များအား လုံခြုံရေး အရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန်ပြောဆိုခဲ့ပြီး ဇွန် ၉ ရက်နေ့က စတင်၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားခဲ့ သည်။

ယင်းတိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး KIA ထိန်းချုပ်ရာ ဒေသများတွင် နေထိုင်လျက် ရှိသည်။
Source:irrawaddy

No comments:

နေ့မှာ