မူလစာမျက်နှာ

Wednesday, 13 July 2011

လုပ်ခ ၁၅ ဘတ် တိုးရေး မြန်မာတို့ ဆန္ဒပြ

ကရင်ပြည်နယ် ဘုရားသုံးဆူဒေသအနီး ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ မြန်မာပြည်သား ၃၀၀ ခန့်သည် လုပ်အားခ ၁၅ ဘတ် တိုးပြီး ရရှိရေးအတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြသည်မှာ ၃ ရက် ရှိသွားပြီ ဖြစ်သည်။

Burmese-migrants-in-Three-Pagodas-Pass
ဘုရားသုံးဆူဒေသမှ မြန်မာပြည်သား အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)
စက်ရုံပိုင်ရှင်က လိုက်လျော်ခြင်း မရှိသေးကြောင်း၊ တခြားသော စက်ရုံ အလုပ်ရုံများတွင်လည်း ဆန္ဒပြကြကြောင်း  WATANA ဖိနပ်စက်ရုံမှ ၀န်ထမ်းတဦး ဖြစ်သည့် ကိုဝေလင်းက ဧရာဝတီကို ပြောသည်။

“ဒီမှာရှိတဲ့ စက်ရုံတိုင်းမှာ ၁၅ ဘတ် တိုးကုန်ကြပြီ။ ကျနော်တို့ရုံပဲ မတိုးသေးဘူး။ ကျနော်တို့လည်း ၁၀ ရက်နေ့မှာ နေ့ဝက် အလုပ် ဆင်းပြီးတာနဲ့ အားလုံး တန်းစီပြီး၊ လုပ်ခ မတိုးပေးရင် အလုပ် မဆင်းဘူး ဆိုပြီး ပြန်လာကြတယ်” ဟု ကိုဝေလင်းက ရှင်းပြသည်။

လက်ရှိ တနေ့တာ လုပ်အားခအဖြစ် လုပ်ငန်း အတွေ့အကြုံပေါ် မူတည်ပြီး ၆၅ ဘတ်မှ ဘတ် ၈၀ အထိသာ ရကြသည်ဟု ဆိုသည်။

ဤခရိုင်အတွင်း အနိမ့်ဆုံး တနေ့ လုပ်အားခမှာ ၁၈၁ ဘတ် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနက ဇန်န၀ါရီလတွင် ပြဋ္ဌာန်း သတ်မှတ်ထားသည်။

တနိုင်ငံလုံးတွင် အနိမ့်ဆုံး တနေ့တာ လုပ်ခကို ဘတ် ၃၀၀ သတ်မှတ်ပေးမည်ဟူသော ယခုလ ထိုင်း ရွေးကောက်ပွဲ အနိုင်ရ ပါတီ၏  ရွေးကောက်ပွဲကတိအကြောင်းကိုလည်း WATANA ဖိနပ်စက်ရုံ အလုပ်သမားများကြားတွင် ယနေ့တိုင် ပြောဆိုနေကြသည်။

WATANA အလုပ်သမားတို့၏ တောင်းဆိုမှုထဲတွင် ရေသန့် ရရှိရေး၊ တနေ့အလုပ်ချိန် ၈ နာရီ သတ်မှတ်ရေးတို့လည်း ပါဝင်သည်။

စက်ရုံတွင် သုံးနေရသော ရေတွင် ထုံးဓာတ် ပါဝင်မှု များနေသည်ဟု အလုပ်သမား တဦး ဖြစ်သည့် မစန်းမြင့်က ပြောပြသည်။

“ဒါနဲ့ပဲ ကျမတို့ ကော်ဖီ ဖျော်ရတယ်။ မားမား ခေါက်ဆွဲတွေကို ဒါတွေနဲ့ပဲ ပြုတ်ရတယ်။ ဒါတွေကို  နှစ်နဲ့ချီ စားလာရတော့ အန္တရာယ် ရှိတယ်။ ကျန်းမာရေးနဲ့ မညီညွတ်ဘူးပေါ့” ဟု ပြောသည်။

အလုပ်မဆင်းဘဲ ဆန္ဒပြခြင်းကို အားလုံး သဘောတူ ပြုလုပ်ကြသည်ဟု ဆိုသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ တယောက်ယောက်ကို အလုပ် ထုတ်ပစ်ရင် အလုပ်သမား ၃၀၀ လုံး အလုပ်က ထွက်မယ်လို့ သဘောတူထားကြတယ်” ဟု ကိုဝေလင်းက ရှင်းပြသည်။

ဘုရားသုံးဆူဒေသ ထိုင်းနိုင်ငံဘက်ခြမ်းတွင် စက်ရုံ အလုပ်ရုံ ၄၀ ကျော်ခန့် ရှိပြီး မြန်မာပြည်သား ၄၀၀၀ ကျော် အလုပ် လုပ်နေကြကြကြောင်း သိရသည်။
Source:irrawaddy

No comments:

နေ့မှာ