မူလစာမျက်နှာ

Monday, 11 July 2011

မြဝတီ ကြံ့ဖွံ့ရုံးအနီး ဗုံးကွဲ

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ အမှတ် ၄ ရပ်ကွက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ရုံးအနီးတွင် ယမန်နေ့ညက ဗုံးတလုံး ပေါက်ကွဲ ခဲ့သည်။

Myawaddy_street-mwd
မြဝတီမြို့

ည ၈ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုကြောင့် အဆောက်အဦးအနည်းငယ် ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်သေဆုံးခြင်းမရှိဟု မြတီမြို့ခံ အစိုးရ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “မနေ့ညက ပေါက်တာ ဟုတ်တယ်။ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ပြည်ခိုင်ဖြိုးရုံးနားမှာ ပေါက်တာ။ ကွဲတဲ့အသံကို တမြို့လုံးကြားရတယ်။ တမြို့လုံး ထိပ်လန့်တာတွေ ရှိနေပေမယ့် မြို့ထဲမှာတော့ အားလုံး ပုံမှန်အတိုင်း သွားလာနေကြတယ်” ဟု ပြောသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်းကိုမူ မသိရှိရသေးသော်လည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်နှုတ်ခမ်းမွှေး၏ ခွဲထွက်အဖွဲ့ လက်ချက်ဖြစ်သည်ဟု အထက်လူကြီးများက စွပ်စွဲနေကြောင်း အဆိုပါ မြို့ခံ အစိုးရ၀န်ထမ်းက ဆိုသည်။

ယင်းစွပ်စွဲမှုနှင့် ပတ်သက်၍ DKBA တပ်မဟာ (၅) မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး စန်းအောင်က “သူတို့ကို တိုက်နေကြတာ DKBA တဖွဲ့တည်း မဟုတ်ဘူး။ နယ်စပ်မှာဖြစ်လိုက်ရင် DKBA လို့ ပြောတာက နိုင်ငံရေးအရ ထိုးနှက်ချက်ပဲ။ လူထုကို ယုန်ထင်ကြောင်ထင် ဖြစ်အောင်လုပ်တာပဲ။ မြန်မာနိုင်ငံမှာ ကွဲလိုက်တဲ့ဗုံးတွေ တခါမှ လက်သည်မပေါ်ဘူး။ သူတို့လုပ်ရပ်တွေက တော်လှန်ရေး အဖွဲ့အစည်းတွေကို အကွက်ကျကျ သိက္ခာချဖို့ပဲဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နှစ်နှင့် ယခုနှစ်ကာလအတွင်း မြ၀တီခရိုင်တွင် ဗုံးပေါက်ပွဲမှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ လူတချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သော်လည်း အစိုးရအနေဖြင့် ယနေ့အထိ တရားခံလက်သည် အမှုမှန်ကို ဖော်ထုတ်နိုင် ခြင်းမရှိဘဲ နယ်စပ်အခြေစိုက် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ပြည်ပအခြေစိုက် မြန်မာအဖွဲ့အစည်းများကိုသာ စွပ်စွဲလေ့ရှိသည်။
Source:irrawaddy

No comments:

နေ့မှာ