က၀မြို့နယ်၏ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်ရှိ စပါးကွင်းများနှင့် ခရမ်းမြို့နယ် ထန်းရည်ပျို၊ ကျွဲတလင်း၊ ညောင်ကုန်း စသည့် ကျေးရွာအုပ်စုများရှိ စိုက်ပျိုးပြီးသား စပါးခင်းများ ရေဖုံးလွှမ်းမှု ခံနေရသည်ဟု ခရမ်းဒေသခံ လယ်သမား ဦးသန်းဆွေက ပြောသည်။
“မိုးက အရမ်းများတယ်၊ တပတ်လုံး သွန်ချလိုက်သလို ရွာနေတာ။ ရေကျနိုင်မယ့် အရိပ်အယောင်ကို မမြင်သေးဘူး” ဟု ၎င်းက ဆို သည်။
လယ်သမားများ မိုးစပါးစိုက်ပျိုးမှု ပြီးစီးချိန်တွင် မိုးဆက်တိုက် ရွာသွန်းသည့် အတွက် ဆုံးရှုံးမှု ပိုများကြောင်း၊ ရေကျသွားလျှင်ပင် စပါးပင်များ အကောင်းပကတိ ပြန်လည်ရရှိရန် မလွယ်ကူကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
ယခုနှစ် စိုက်ပျိုးရာသီတွင် စပါးတဧက၏ စိုက်ပျိုးစရိတ်မှာ ကျပ် ၈ သောင်းခန့် ကုန်ကျ ထားသည်ဟု သိရသည်။
ယခုကဲ့သို့ စပါးခင်း ဧက သောင်းချီ ပျက်စီးဆုံးရှုံးမှုနှင့် ပတ်သက်ပြီး ရေနစ်မြုပ်ခံခဲ့ရသည့် လယ်သမားများက အစိုးရထံမှ အထူး စိုက်ပျိုးစရိတ် ချေးငွေတရပ် ထပ်မံချေးပေးရန်၊ မျိုးစပါးအတွက် ဈေးနှုန်းသက်သာစွာဖြင့် လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာနမှ ရောင်းချပေးရန် လိုလားနေကြောင်း၊ ထို့အတွက် နိုင်ငံတော် သမ္မတ အပါအ၀င် လယ်ယာစိုက်ပျိုးရေး ၀န်ကြီးနှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ၀န်ကြီးချုပ်များဆီသို့ စာပေးပို့မည် ဖြစ်ကြောင်း ဦးသန်းဆွေက ပြောသည်။
ယခု ရေနစ်မြုပ်နေသည့် ဧရိယာများသည် မြန်မာနိုင်ငံတွင် စပါးအများဆုံး ထွက်ရှိသည့် ဒေသများဖြစ်ပြီး ပဲခူးကွင်းဟု ခေါ်တွင်သည့် ဒေသဖြစ်သည်။ အလားတူ သနပ္ပင်၊ ဝေါ စသည့် နေရာများတွင်လည်း ရေနစ်မြုပ်မှုများ ရှိသည်ဟု သိရသည်။
ထိုသို့ လယ်ဧကများ ရေမြုပ်နေသည့် အခြေအနေကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် လာရောက် ကြည့်ရှုခဲ့သည်ဟု က၀မြို့နယ်ရှိ လယ်သမားတဦးက ပြောသည်။
ထို့အပြင် ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ် ရွာသစ်အုပ်စု၊ ယင်းတိုက်ကုန်း အုပ်စု တို့တွင်လည်း စပါးခင်းများ ရေနစ်မြုပ်နေ သည်ဟု ဒိုက်ဦးမြို့မှ လယ်သမား တဦးကဆိုသည်။
ပဲခူးတိုင်း အနောက်ခြမ်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ စသည့်မြို့နယ်များတွင်မူ မိုးကြီး၍ ရေနစ်မြုပ်မှု မရှိသော်လည်း နွေစပါး စိုက်ဧက တသိန်းခန့်အနက် မိုးဦးအကျစောသဖြင့် ဧက ၇ သောင်းခန့်သာ ရိတ်သိမ်းနိုင်ပြီး ဧက ၃ သောင်းခန့် ပျက်စီးသွားကြောင်း၊ ထို့အပြင် လက်ရှိ နွေစပါးဈေးမှာ တင်း ၁၀၀ လျှင် ကျပ် ၁ သိန်း ၀န်းကျင်သာ ဈေးရှိသည့်အတွက် လယ်သမားများ ဆုံးရှုံးနစ်နာနေရကြောင်း သာယာဝတီမြို့နယ်ရှိ လယ်သမားတဦးဖြစ်သူ ဦးအောင်မြင့်က ရှင်းပြသည်။
Source:irrawaddy
No comments:
Post a Comment