လူတဦးသေဆုံးသည့် မီးလောင်မှုတရပ် ရန်ကုန်တိုင်း လသာမြို့နယ်ရှိ နေအိမ်တခု၌ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဗဟိုမီးသတ်နှင့် မြို့နယ်ရဲစခန်းက ပြောသည်။
နေအိမ်အမှတ် ၄၉ ၊ သုံးထပ်အဆောက်အအုံ ဒုတိယထပ်၌ နေ့လည် ၁ နာရီခန့်မှစ၍ မိနစ် ၄၅ ခန့်အကြာ မီးလောင်ကျွမ်းမှုတွင် အသက် ၇၇ နှစ်အရွယ် ဦးကျော်ညွန့်သိန်းဆိုသူ သေဆုံးသွားခဲ့သည်။
“လူအသေအပျောက် ရှိပါတယ်။ တဦးပါခင်ဗျာ” ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဌာနရှိ တာဝန်ရှိသူတဦးက မဇ္ဈိမကို
ပြောသည်။
မီးလောင်မှုဖြစ်သည့် အဆောက်အအုံကို မီးသတ်ဝန်ထမ်းများ မီးငြိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
“ အဖိုးကြီးက လေဖြတ်နေတာ။ သူ့သားနဲ့ ချွေးမက အလုပ်သွားနေတဲ့အချိန်” ဟု ၁၈ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက ပြောသည်။
အိမ်နီးနားချင်းတဦးက “အစက စက္ကူမီးရှို့တဲ့ အနံ့မျိုး ညှော်တယ်ဆိုပြီး ကျနော်တို့ လိုက်ရှာနေကြတာ။ နောက်တော့မှ အဲဒီအခန်းက မီးခိုးထွက်လာပြီး ချက်ချင်းပဲ မီးတောက်တွေ ထွက်လာတာ။ ပြေးတက်ပြီး ငြှိမ်းဖို့ ကြိုးစားကြသေးတယ်။ အပေါ်က ဘာတွေထပေါက်တာလဲ မသိဘူး၊ တဝုန်းဝုန်းဖြစ်လို့ အားလုံး ပြန်ဆင်းပြေးလာကြတာ” ဟု ဆိုသည်။
မီးသတ်ယာဉ် ၁၇ စီးနှင့် အုပ်ချုပ်ရေးယာဉ် ၄ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ခြင်း ဖြစ်သည်။
Source:mizzimaburmese
No comments:
Post a Comment