ကချင်ပြည်နယ်တွင် အစိုးရတပ်များ ထိုးစစ်ဆင်နေမှုအား ကန့်ကွက်သည့် ဆန္ဒပြပွဲတရပ်ကို မလေးရှားနိုင်ငံရောက် ကချင်တိုင်းရင်းသားများက မြို့တော်ကွာလာလမ်ပူရှိ မြန်မာသံရုံးရှေ့၌ သောကြာနေ့ မနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။
| ထိုးစစ်ရပ်ရန် မလေးရှားရောက် ကချင်များက ကွာလာလမ်ပူ မြန်မာသံရုံးရှေ့ ဇွန်လ ၂၄ ရက် ၂ဝ၁၁ ခုနှစ်၊ သောကြာနေ့တွင် ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) |
လူအင်အား ၄ဝဝ ခန့် ပါဝင်ဆန္ဒပြခဲ့ရာ ၎င်းတို့က ထိုးစစ်ဆင်မှု ချက်ချင်းရပ်ပြီး တိုးချဲ့တပ်များ ရုပ်သိမ်းရန်၊ အစိုးရ တပ်သားများ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူမဆန်သော လုပ်ရပ်များ ရပ်တန့်ရန်နှင့် ပဋိပက္ခအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းပြီး တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့ကြသည်။
လုံခြုံရေးများ အစောင့်အကြပ်အောက် ပြုလုပ်ရသည့် ဆန္ဒပြပွဲ၌ ကြွေးကြော်ခွင့် မရသဖြင့် ငြိမ်သက်စွာ ဆန္ဒပြခဲ့သည်။ တောင်းဆိုချက်ပါ စာအား စာတိုက်ပုံးမှတဆင့် သံရုံးထဲသို့ ဆန္ဒပြသူများက ပေးပို့ခဲ့ကြသည်။
| လုံခြုံရေးများ စောင့်ကြပ်မှုအောက်တွင် ကြွေးကြော်ခွင့် မပြုသဖြင့် ငြိမ်သက်စွာ ဆန္ဒပြ ခဲ့သည့် မလေးရှားရောက် ကချင်များ (ဓာတ်ပုံ - မဇ္ဈိမ) |
အစိုးရသစ်၏ ထိုးစစ်ဆင်မှုမှာ ဇွန်လ ၉ ရက်နေ့တွင် စတင်လာခဲ့ရာ စစ်ပြေးဒုက္ခသည် ၁၃၀၀၀ ကျော်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့နှင့် အခြား ထိန်းချုပ်ရာ ဒေသများအတွင်း ထွက်ပြေးခိုလှုံခဲ့ကြသည်။ အချို့မှာ နယ်စပ်ချင်း ထိကပ်နေသည့် တရုတ်ပိုင်နက်အတွင်း ဝင်ရောက်မှုများလည်း ရှိသည်။
ထိုးစစ်ရပ်ရန်အတွက် ပြုလုပ်သည့် ဆန္ဒပြပွဲများအား မလေးရှားသာမက အိန္ဒိယ၊ ဗြိတိန်၊ ဒိန်းမတ်နှင့် နော်ဝေအပြင် ကမ္ဘာ့နိုင်ငံအချို့၌ ကချင် တိုင်းရင်းသားများက သောကြာနေ့တွင် တပြိုင်တည်း ပြုလုပ်ခဲ့ကြသည်။
Source:mizzimaburmese
No comments:
Post a Comment